
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု ဝက်ဆိုက်တွင် ပါရှိသော ဂျေဆင်တာဝါ၏ ဆောင်းပါးတွင် စစ်ကောင်စီသည် တရုတ်က ၎င်းတို့အား ပြတ်ပြတ်သားသား မထောက်ခံနိုင် ဖြစ်နေသည်ကို စိတ်မရှည်တော့သည့်ပုံဖြင့် မင်းအောင်လှိုင်က သူ့ကို ဘေဂျင်းသို့ တရားဝင် အလည်အပတ်ဖိတ်မည်ဆိုလျှင် မြစ်ဆုံဆည် ပြန်လည်တည်ဆောက်ခွင့်ပြုမည်ဆိုကာ အပေးအယူ လုပ်လာနေသည်မှာ လပေါင်းများစွာပင်ရှိနေကြောင်း အတွင်းသတင်းများ ရရှိထားသည်ဟု ထူးထူးခြားခြား ပါရှိလာခဲ့သည်။
မိမိအမြင်အရ ဆိုလျှင် ထိုသတင်းသည် မည်မျှ အတိုင်းအတာထိ မှန်ကန်မှု ရှိမရှိကို ပြော၍မရ သော်လည်း တရုတ်တို့ဘက်က ထိုသို့ လုပ်လာနိုင်မည်ကို အာဆီယံသည် အထူး သတိချပ်ရန် လိုအပ်နေပြီ ဖြစ်သည်။
တရုတ်သည် ၎င်းတို့၏ ဒေါ်လာ ဘီလီယံနှင့် ချီသော လုပ်ငန်းများ ထိခိုက်မည့် အရေးကို မျက်ကွယ် ပြုကာ အာဏာသိမ်းအဖွဲ့အား မျက်စိမှိတ်ထောက်ခံမှု ပေးနေသည်မှာ အကယ်၍ စစ်ကောင်စီ ပြုတ်ကျမည့် အရေးကြုံလာပါက ရုရှားက ဆီးရီးယားအား အကာအကွယ်ပေးခဲ့သကဲ့သို့ လုပ်ရန် ရည်ရွယ်နေသည်လား ဆိုသည်ကို လေ့လာ ဆန်းစစ်ရန် လိုအပ်နေသည်။
ထိုသို့ ပြုလုပ်ရန် တရုတ်အတွက် အဓိက အဟန့်အတား ဖြစ်နေသည်မှာ မြန်မာပြည်သည် စစ်တလင်းအဖြစ် ပြောင်းလဲသွားမည့်အရေးနှင့် အာဆီယံပင် ဖြစ်သည်။ လက်ရှိ အရှေ့အာရှတွင် အမေရိကန်နှင့် အားပြိုင်နေရချိန် တရုတ်အဖို့ ထိုနိုင်ငံများ၏ ထောက်ခံမှု သို့မဟုတ်ကလည်း အနည်းဆုံး ကြားနေမှုရရှိရန် အပူတပြင်း လိုအပ်နေသည်။ အကယ်၍ မြန်မာအပေါ် ထိုသို့ စစ်ရေးအရ စွန့်စားမှု ပြုလုပ်လာမည်ဆိုပါက အာဆီယံနိုင်ငံများ၏ ကြားနေမှု ဆုံးရှုံးသွားတော့မည် ဖြစ်သည်။
လက်ရှိတွင် စစ်အာဏာသိမ်းအဖွဲ့အား အသိအမှတ်မပြုသလို လုပ်နေရခြင်းသည်လည်း အဓိက အာဆီယံအဖွဲ့ဝင် နိုင်ငံများက ၎င်းတို့အား လူရာ မသွင်းချင်လောက်အောင် ခါးခါးသီးသီး ဆက်ဆံ နေ၍သာ ဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်က ဂျကာတာတွင် စတင်ကျင်းပခဲ့ပြီ ဖြစ်သည်။ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ပြုလုပ်မည့် အစည်းအဝေးများတွင် မြန်မာအရေးကို အဓိကထား ဆွေးနွေးကြမည်ဟု သိရသည်။
ထို့နောက်တွင် ဒိုင်ယာလော့ပါတနာများဟု သတ်မှတ်ထားသည့် အိန္ဒိယ၊ နယူးဇီးလန်၊ ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အီးယူ၊ ဗြိတိန်၊ ကနေဒါနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆက်လက် ဆွေးနွေးသွားရန် ရှိနေသည်။
အာဆီယံသည် မြန်မာအရေးကို ထိရောက်စွာ မဖြေရှင်းနိုင်ခဲ့မှုကြောင့် အကြီးအကျယ် ဝေဖန်ခံနေရ လေသည်။ ယခုကဲ့သို့ နိုင်ငံစုံ တက်ရောက်ကြမည့် အစည်းအဝေးများတွင် အချက် ငါးချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဆိုက ပြက်လုံးကြီးအဖြစ် ရောက်ရှိသွားတော့မည် ဖြစ်သည်။
ယခု အစည်းအဝေးတွင်လည်း အာဏာသိမ်းအဖွဲ့ တက်ရောက်ခွင့် မရပြန်သဖြင့် အာဆီယံ အစည်းအဝေးလုပ်တိုင်း ၎င်းတို့အဖို့ အနာကို ဆားပက်သကဲ့သို့ ခံစားနေကြရစမြဲ ဖြစ်သည်။
အင်ဒိုနီးရှား၏ တိတ်တဆိတ် ကြိုးပမ်းနေမှုများနှင့် ပတ်သက်ပြီး ထွက်ပေါ်လာသော သတင်းများအရ အလွတ်သဘော ဆွေးနွေးရန်ကိုပင် နှစ်ဖက်စလုံးက ကြိုတင် စည်းကမ်းချက်များ ချမှတ်နေခြင်းကြောင့် ပို၍ ခက်ခဲလာနေသည်ဟု သိရသည်။
အင်ဒိုနီးရှား၏ ထိုသို့ ဘာမှန်းညာမှန်း မသိရလောက်အောင် လျှို့ဝှက်နေမှုများကို သည်းမခံနိုင် ဖြစ်လာသော ထိုင်းက၎င်းတို့ အစီအစဉ်ဖြင့် ဆွေးနွေးပွဲ လုပ်လာသည့်အတွက် အင်ဒိုနီးရှားအဖို့ အရှက်တကွဲ ဖြစ်သွားရသည့်အပြင် အဖွဲ့အတွင်း အက်ကြောင်းထလာမှုများအား အထုပ်ဖြေ ပြလိုက်သလို ဖြစ်သွားခဲ့ရတော့သည်။
ထို့အတွက် ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက အာဆီယံအား ယုံကြည်ခြင်းခံရသည့် အဖွဲ့အစည်းအဖြစ် ဆက်ရှိနေစေရန် မြန်မာပြဿနာအပေါ် ညီညွတ်မှု ပြသရန် လိုသည်ဟု ပြောရသည့်အထိ ဖြစ်လာခဲ့သည်။
နိုင်ငံသည် ဗိုလ်သန်းရွှေ ဦးဆောင်သော စစ်ဗိုလ်ချုပ်များ လက်အောက် ကျရောက်နေစဉ်မှာပင် အာဆီယံအနေဖြင့် မြန်မာကို ချော့မော့ ဖျောင်းဖျရကောင်းရဲ့ ဆိုကာ အဖွဲ့ဝင်အဖြစ်ပင် လက်ခံ နေရာပေးခဲ့သည်အထိ အတွေးအခေါ် ချွတ်ခြုံကျနေသော အဖွဲ့ကြီးလည်း ဖြစ်ခဲ့သည်။
ထိုသို့ လူကြားထဲ ဆွဲထုတ်ပေးလာခဲ့သည့် မျက်နှာကိုမထောက် ခြောက်နှစ်ခန့် အကြာတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အသက်ကို လုပ်ကြံရန် ပက်ပက်စက်စက် ကြံစည်ခဲ့ကြသူများ ဖြစ်သည်။
ယခုလည်း အမှတ်မရှိပြန်ဘဲ အကြံကုန် ဂဠုန်ဆားချက် ဆိုသကဲ့သို့ အာဏာသိမ်းအဖွဲ့အား လူတောထဲ ပြန်သွင်းရန် စကားစလာနေပြန်သည်။ ထိုသို့ ပြုလုပ်မည်ဆိုက တရုတ်က စစ်အာဏာသိမ်း အဖွဲ့ကို ယခုထက် ပို၍ ရဲရဲတင်းတင်း ထောက်ခံလာမည့် အရေးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရန် လိုအပ်နေ ပေပြီ။
ပြည်သူများကတော့ အရည်မရ အဖတ်မရ ငြင်းခုံနေသည်ကို စိတ်ဝင်စားခြင်း အလျှင်းမရှိကြတော့၊ နိုင်ငံအနာဂတ် ဖျက်ဆီးနေသော မကောင်းဆိုးဝါးများအား အမြန်ဆုံး မောင်းထုတ်နိုင်ရန် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းသွားကြမည်သာ ဖြစ်သည်။
အာဆီယံသည် လူစည်ရန် သက်သက်လော
ပြည်သူ့တော်လှန်ရေး အင်အားစုများသည် နေပြည်တော်အနီး ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီးပေါ်တွင် စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာသည်ဟု ယူဆရသော ထောက်ပို့ကားတန်းအား အဝေးထိန်းခလုတ်ဖြင့် မိုင်းခွဲ တိုက်ခိုက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အတည်ပြု ခဲ့သည်။
နေပြည်တော် အနီးသို့ ရောက်ရှိလာသည်အထိ တော်လှန်ရေး အရှိန်မြင့်တက်လာနေချိန်တွင် ဇူလိုင် ၁၁ ရက်ကစ၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ဂျကာတာတွင် စတင်နေသည်ဖြစ်၍ မြန်မာအရေးအပေါ် ဘုံသဘောတူညီချက် ရရှိရေး ဆွေးနွေး ငြင်းခုံကြဖို့ ရှိနေသည်။
ထိုအစည်းအဝေးသို့ ဆွေးနွေးဘက်နိုင်ငံများအဖြစ် အမေရိကန်၊ ရုရှားနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးများလည်း တက်ရောက်မည် ဖြစ်သည်။
အစည်းအဝေးတွင် အချိန်ကြာလာနေပြီဖြစ်သည့် မြန်မာ၏ ပြည်တွင်းရေး အကျပ်အတည်း၊ တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှု မြင့်တက်လာနေခြင်းနှင့် ဒေသအတွင်း လက်နက် အင်အား ဖြည့်တင်းလာနေမှုများကို ဆွေးနွေးကြမည်ဟု သိရသည်။
အိမ်ရှင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီရှားက မူလလက်ဟောင်း အချက် ငါးချက်ကို ဆက်လက်ကိုင်စွဲပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း စကားဦးသန်းလာခဲ့သည်။ ထို့ပြင် မြန်မာ့အရေးတွင် သက်ဆိုင်သူများနှင့် အကြိမ်ပေါင်း ၁၁၀ ခန့် ဆွေးနွေးပြီး ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောခဲ့သော်လည်း ဆွေးနွေးသည့်အကြောင်းအရာများကို လျှို့ဝှက်ထား၍ မည်မျှ အတိုင်းအတာအထိ တိုးတက်မှု ရှိ၊ မရှိကို မသိရဘဲ ဖြစ်နေသည်။
ပြီးခဲ့သည့် မေလအတွင်း ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အချက် ငါးချက်နှင့် ပတ်သက်၍ တိုးတက်မှု မရှိဟု အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီက ထုတ်ဖေါ် ဝန်ခံ သွားခဲ့သည်။
အာဆီယံသည် ဆိုင်ကလုန်း မိုချာ ဘေးသင့်ပြည်သူများထံ အကူအညီများ ပေးပို့ နိုင်သည် ဆိုသော်လည်း စစ်တပ်လက်ထဲသို့ ထည့်ပေးရသည့် ပုံစံမျိုးသာရှိပြီး ကိုယ်ထိလက်ရောက် ဖြန့်ဝေပေးရန်ကိုမူ ခွင့်မပြုသဖြင့် ကန့်သတ်ခြင်း ခံနေရဆဲပင် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်မစမီ အကြိုရှင်းလင်းချက်ထုတ်ပြန်ရာတွင် မြန်မာ ပြဿနာအား ဆောလျင်စွာ ဖြေရှင်းနိုင်ရေးအတွက် အခြားနည်းလမ်းများကို စဉ်းစား အဖြေရှာ သွားရမည်ဟု ပြောဆိုလာခဲ့သည်။
မြန်မာ စစ်ခေါင်းဆောင်များ၏ ခေါင်းမာမှု၊ အာဏာကို မရမက ဖက်တွယ် ထားမှုများဖြင့် ရေရှည် ဆက်သွား၍ မဖြစ်တော့ဘဲ ပဋိပက္ခကို ပို၍ကြီးထွားလာအောင် လုပ်သလိုသာ ဖြစ်မည်ဆိုသည်ကို သဘောပေါက်စေရန် နည်းလမ်းများ ရှာကြံရတော့မည်ဟု ဂျကာတာရှိ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ဖြစ်သည့် ဟာဘီဘီးစင်တာ၏ ဒါရိုက်တာ ဒေဝီဖေါ်တူနာ အင်နဝါက ထောက်ပြသည်။
သို့သော်လည်း အနောက်အုပ်စုသည် လက်ရှိတွင် ယူကရိန်းစစ်ပွဲနှင့် အာရုံထွေပြားနေပြီး စစ်ပွဲပြီးသွားပါကလည်း ဒေါ်လာ ဘီလီယံ ၄၀၀ ခန့် ကုန်မည့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအပေါ် ဂရုပြုနေကြမည်သာ ဖြစ်သည်။ မြန်မာ အရေးကို ထည့်သွင်းစဉ်းစားမည့် ပုံမရှိဟု စင်္ကာပူရှိ ယူဆွတ် အီရှတ် အင်စတီကျုမှ မစ္စက် ရှာရွန်ရှားက ဆိုသည်။
ယခုပင် အင်ဒိုနီရှား၏ ဥက္ကဋ္ဌ သက်တမ်းသည် တဝက်ကျိုးလာပြီး နောက်နှစ် ဥက္ကဋ္ဌ ရာထူးအား လာအိုက တာဝန်ယူလာသည့် အချိန်အထိ မည်သို့မျှ ထူးခြားမှု ရှိမလာခဲ့ပါက မြန်မာပြည်နှင့် ပတ်သက်၍ အာဆီယံ၏ အခန်းကဏ္ဍသည် နိဂုံးချုပ်သွားပေတော့မည်။
လောလောဆယ်တွင်လည်း စောင့်ကြည့်လေ့လာနေသူများ အားလုံးက ယခုတကြိမ် အာဆီယံ သည် မြန်မာအရေးအပေါ် ဘုံသဘောတူညီချက် ထွက်ပေါ်လာနိုင်ခြင်း ရှိ၊ မရှိ မျက်လုံးဒေါက်ထောက် စောင့်ကြည့်နေကြမည် ဖြစ်သော်လည်း အာဆီယံသည် မိမိတို့ အရေးအား ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်း ဖြစ်သည်ဟု မြန်မာပြည်သူ တဦးတလေကမျှ ယုံကြည် အားကိုးခြင်း မရှိ၊ မျှော်လင့်ချက် ကုန်ခန်းနေသည်။ မိမိတို့ အရေးကို မိမိတို့ဘာသာ စည်းလုံးညီညွတ်စွာဖြင့် ဖြေရှင်းနိုင်ရေးကိုသာ အာရုံထားလျက် ရှိနေကြသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်။










