တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ယန်ယန်ဟာ မေလ ၃၀ ရက်က နေပြည်တော်မှာ မြန်မာ ဒုစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံပြီး မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ၊ တပ်မတော် ဒု-ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ ခေတ္တစစ်ဘက် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ယန်ယန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မနေ့ မနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ လက်ခံတွေ့ဆုံတာလို့ ဆိုပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနဲ့ ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြပြီး အသေးစိတ်ကိုတော့ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။
ဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ တပ်မတော်အရာရှိကြီးတွေအပြင် မြန်မာနိုင်ငံ ဆိုင်ရာတရုတ်စစ်သံမှူး ဝန်ဝေနဲ့ တာဝန်ရှိသူတွေ တက် ရောက်ခဲ့ကြပါတယ်။
Photo-DSINFO