
ရန်ကုန်၊ လှိုင်မြို့နယ်မှာ ရွှေဝါဆပ်ပြာစက်ရုံ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး (စစ်မှုထမ်းဟောင်းငြိမ်း) ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခံထားရသူ ၇ ယောက်ကို မိသားစုတွေက အကျဉ်းထောင်တွေမှာ လိုက်လံစုံစမ်းပေမဲ့ ဒီနေ့အထိ စုံစမ်းမရတာကြောင့် စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာ တိုက်တတိုက်ရှေ့မှာ ရွှေဝါဆပ်ပြာစက်ရုံ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး (စစ်မှုထမ်းဟောင်း-ငြိမ်း) ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာပါ။
အဖမ်းခံထားရသူတယောက်ရဲ့ အမေက “သူတို့က ၂ လပိုင်းကတည်းက ပျောက်နေတာ။ ညီမ သူတို့အမှုနဲ့ ဆက်စပ်နိုင်တဲ့ ရဲစခန်းတွေလည်း လိုက်စုံစမ်းပါတယ်။ ဘယ်နေရာကမှ ရှိတယ်မ ပြောပါဘူး။ အင်းစိန်ထောင်လည်း ခဏခဏသွားမေးတာပဲ။ မရှိဘူး၊ မသိဘူးပဲ ဖြေတယ်။ ထောင်ကနေ တာဝန်ရှိသူတွေနဲ့ တိုင်းရုံးကလူတွေ လာခေါ်ထုတ်သွားတယ်တဲ့၊ တိုင်းရုံး သွားမေးတော့လည်း တခြားနေရာ လွှဲပြောင်းလိုက်ပြီတဲ့၊ စုံစမ်းလို့ကို မရတော့ဘူး” လို့ ပြောပါတယ်။
ပျောက်ဆုံးနေသူထဲက တယောက်ရဲ့ ဇနီးက “သူတို့ ၇ ယောက်ကို လက်နက်တွေနဲ့ တွေ့လို့ဆိုပြီး အမှု ၃ မှုနဲ့ စွဲထားတာ။ မြောက်ဒဂုံရဲစခန်းက အဲဒီကနေ ၁ လပိုင်း ၁၄ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ အင်းစိန်ထောင်ကနေ ၂ လပိုင်း ၉ ရက်နေ့မှာ နောက်အမှုပေါ်လို့ဆိုပြီး စစ်ကြောရေးလုပ်ဖို့ဆိုပြီး ထောင်ကနေ ထုတ်သွားတာ။ အဲဒါကနေ ထောင်ကို ပြန်မရောက်တော့ဘူးလို့ ပြောရတော့မှာပေါ့။ အကုန်သတ်လိုက်ပြီလား မသိပါဘူး။ ကျမကလည်း အခု ကလေးမွေးခါနီး မရှာနိုင်တော့လို့ အကူအညီတောင်းတာပါ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီထုတ် သတင်းစာမှာတော့ “ဦးတင်စိုး(ခ)ဘိုးတော် ဆိုသူကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ လှိုင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ အေးရိပ်မွန်လမ်းမပေါ်၌ လည်းကောင်း၊ ဦးအေးသိန်းအား ထိုနေ့ညနေပိုင်းတွင် ရွှေဝါစက်ရုံဝင်းအတွင်း၌ပင်လည်းကောင်း၊ ဦးချစ်ကိုအား ညပိုင်းတွင် ကမာရွတ်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ခေမာလမ်းရှိ တိုက်တတိုက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားပြီး သူတို့ရဲ့ ထွက်ဆိုချက်များအရ လှိုင် PDF အမည်ခံ အဖွဲ့ဝင် အောင်ဇော်လင်း(ခ)အောင်ကြီး၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ပြည့်ဖြိုးငြိမ်း(ခ) ကိုကင်းနှင့် ညီညီထွေး(ခ)သံချောင်းတို့ လေးဦးကို ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် အသီးသီး ဖမ်းမိခဲ့ကြောင်း” ဖော်ပြထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသား ၇ ယောက် ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ကို အကူအညီတောင်းခဲ့ရာ ICRC က ထောင်တွေမှာ လိုက်လံစုံစမ်းပေးပေမဲ့ ဒီနေ့အထိ ရှာဖွေမတွေ့ရသေးကြောင်း သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး စတင်ဖမ်းဆီးသွားတဲ့ မြောက်ဒဂုံရဲစခန်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်မဖြေကြားခဲ့ပါဘူး။
အလားတူ ပြီးခဲ့တဲ့ဇွန်လထဲမှာလည်း ကျိုက်ဇကောထောင်ထဲက ထောင်ချပြီးသား နိုင်ငံရေး အကျဉ်းသားတွေကို စစ်တပ်ထဲ ခေါ်ယူပြီး ပြန်လည်စစ်ကြောရေးလုပ်ကာ ရိုက်နှက်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတယောက် သေဆုံးခဲ့သလို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း သာယာဝတီထောင်ကို ထောင်ပြောင်းရွှေ့စဉ် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅ ယောက်ကိုတော့ သေဆုံးသွားပြီလို့ အိမ်တွေကို အကြောင်းကြားထားကြောင်း မိသားစုဝင်တွေထံက သိရပါတယ်။










