DVB Logo
Home
မြန်မာသတင်း
ဒေါနိုးကူး ကရင်နီစစ်ရှောင်စခန်းနှင့် ကျောက်ဆူးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
July 12, 2023
ဒေါနိုးကူး ကရင်နီစစ်ရှောင်စခန်းနှင့် ကျောက်ဆူးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ
1 / 3
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မယ်စဲမြို့နယ်၊ ကျောက်ဆူးကျေးရွာနဲ့ ထိုင်း-ကရင်နီနယ်စပ်ရှိ ဒေါနို့ကူးစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တယောက်အပါအဝင် နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပါတယ်။

ဒေါနိုးကူးစစ်ရှောင်စခန်းကို မနေ့ညသန်းခေါင်ကျော် ဇူလိုင် ၁၂ ရက် ဒီမနက်အစောပိုင်း ၁ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံး ၅ လုံး လာရောက်ကြဲသွားခဲ့တာဖြစ်ပြီး လူတွေထိခိုက်သေဆုံးခဲ့သလို စာသင်ကျောင်းအဆောက်အဦနဲ့ ဆေးပေးခန်း ပျက်စီးသွားခဲ့တယ်လို့ ကေအန်ပီပီ ဥက္ကဋ္ဌ ခူးဦးရယ်က ဒီဗွီဘီကို ပြောပါတယ်။

“မနက်စောစာ ၁ နာရီကျော်ကျော်လေးလောက်မှာ ဗုံး ၅ လုံးလာကြဲ သွားတာပေါ့နော်။ ဆယ်သဲဆိုတဲ့ စာသင်ကျောင်း တကျောင်းလုံးကတော့ လုံးလုံးကြေမွသွားပြီပေါ့နော်။ နောက်ပြီး ဆေးရုံတလုံးရှိတယ်။ ဆေးရုံတလုံးလည်း နည်းနည်းပျက်စီးသွားတယ်။ နောက်အိမ်တလုံးလည်း ပျက်စီးသွားတယ်။ အဲဒီအိမ်ရှင်ပါ ဆုံးသွားတာပေါ့။ တဦး သေဆုံးပြီးတော့ ၂ ဦး ဒဏ်ရာရတယ်လို့သိရပါတယ်။”

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာခိုလှုံနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရှိနေရာကနေ အခု  ၂၀၂၃ ခုနှစ်မှာ စစ်ဘေးရှောင် ဦးရေ ၅၀၀၀ လောက်အထိ တိုးလာခဲ့ပါတယ်။

မနေ့ညက လေယာဉ်ဗုံးလာကြဲသွားလို့ စစ်ရှောင်တွေ ကစဉ်းကလျားနဲ့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

အလားတူ မနေ့ညသန်းခေါင်ယံမရောက်ခင်မှာ မယ်စဲမြို့နယ်ရှိ ကျောက်ဆူးကျေးရွာကို  စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရပြီး ဘာသာရေးအဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ ဦးခူးဦးရယ်က ပြောပါတယ်။

“မနေ့ည တညတည်းပဲ ညသန်းခေါင်မတိုင်ခင် ၁၁ နာရီကျော်ကျော် ၁၂ နာရီမရောက်ခင်လေးမှာ ကျောက်ဆူးဆိုတဲ့ရွာလေးလည်း အလားတူ ဗုံးကြဲခံရတာပေါ့နော်။ ဂျက်ဖိုက်တာ ၃ စီးနဲ့ လာပစ်ချတယ်လို့ ပြောပါတယ်။ အဲဒီမှာလည်း ကျနော်တို့ ရတဲ့သတင်းကတော့ ဝတ်ပြုကျောင်းတလုံး ပျက်စီးသွားတယ်။ နေအိမ် ၉ လုံး ပျက်စီးသွားတယ်။ နောက်ပြီးတော့ ၁၁ နှစ်အရွယ် ကလေးတယောက် သေဆုံးသွားတယ်လို့ ကြားပါတယ်။”

မယ်စဲမြို့နယ်မှာ ဇွန် ၁၃ ရက်က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး အဲဒီဒေသမှာရှိတဲ့ စစ်ဘေးရှောင်အပါအဝင် ဒေသခံ ၅၀၀၀ ကျော် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နဲ့ မဲစရီးယမ်းမြို့နယ်တွေက နေရာ ၄ ခုမှာ လာရောက်ခိုလှုံနေကြရပါတယ်။

ဒါ့အပြင် မယ်စဲမြို့နယ်နဲ့ ရွာသစ်မြို့အကြား တိုက်ပွဲအကြား ပိတ်မိနေတဲ့ ပြည်သူ ၂၀၀၀ ဝန်းကျင် အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကရင်နီလူအခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ ပိုစိုးရိမ်တာက မယ်စဲနဲ့ ရွာသစ်ကြားမှာ ပိတ်မိနေတဲ့ ပြည်သူလူထုပေါ့နော်။ သူတို့ရဲ့ အသက်အန္တရာယ်၊ စားနပ်ရိက္ခာအပြင် ဒီကျန်းမာရေးစောင့်ရှောက်မှုကတော့ အရမ်းကို ခက်ခဲမှုနဲ့ ကြုံတွေ့နေရတာပေါ့နော်။ ဆေးရုံ ဆေးခန်းကမရှိတဲ့ပြဿနာတွေ၊ ကုသပေးမယ့် ဆရာ၊ ဆရာဝန်မရှိတဲ့ ပြဿနာနဲ့ ဆေးဝါးမရှိတဲ့ ပြဿနာတွေပေါ့နော်။ အဲဒီဟာကတော့ စိုးရိမ်ပေးနေရပါတယ်။ ရွာသစ်မှာဆိုရင် စစ်ကောင်စီက ရွာသားတွေကို ရွာပြင်ပေးမထွက်တဲ့ အုပ်စုလည်းရှိပါတယ်။ ဆိုတော့ ပေါင်းလိုက်ရင် ၂၀၀၀- ၂၅၀၀ ဝန်းကျင်တော့ ပြန့်ကျဲရှိနေတဲ့ဟာတော့ ရှိပါတယ်။”

ပိတ်မိနေတဲ့စစ်ရှောင်တွေ ရှိနေသလို စစ်ဘေးရှောင်စခန်းကို နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်တာဟာ တမင်ကာ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ကေအန်ပီပီ ဥက္ကဋ္ဌ ခူးဦးရယ်က ပြောပါတယ်။

“တမင်တကာ အကြံနဲ့ပဲ လုပ်တယ်ဆိုတာကတော့ ကျန်တဲ့ဒေသတွေမှာလည်း သူတို့ လုပ်ခဲ့ပြီးပြီလေ။ တမင်တကာ လူထုတွေဆုံတဲ့ စုံရပ်တွေမှာနေထိုင်တဲ့ ဒေသတွေ၊ ကျေးရွာတွေမှာ အမြဲတမ်း ပစ်မှတ်ထားပြီးမှ တိုက်ခိုက်တာပဲပေါ့နော်။ အထူးသဖြင့်ကတော့ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဝတ်ပြုကျောင်းတွေ အဲဒါကတော့ အဓိကပစ်မှတ် အဲဒါတွေကို သူတို့ တမင်တကာ ပစ်မှတ်ထားပြီးလေယာဉ်နဲ့ ဗုံးကြဲတာပါပဲ။ ဆိုတော့ လူထုတွေကို ထိတ်လန့်သွားအောင်၊ ကြောက်စိတ်ဝင်သွားအောင် တမင်တကာ ကြံရွယ်ပြီးလုပ်တယ်လို့ပဲ ပြောလို့ရမယ်လို့ထင်ပါတယ်။ ကျနော်တို့ ကရင်နီပြည်မှချည်းမဟုတ်ပါဘူး၊ တခြားဒေသမှာလည်း အလားတူပဲ ပစ်မှတ်ထားပြီး တမင်တကာပစ်တာပါပဲ။ ဒီမှာလည်း အလားတူ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ နားလည်တယ်။”

ဖယ်ခုံ၊ မိုးဗြဲအပါအဝင် ကရင်နီပြည်နယ်တဝန်းမှာ လူဦးရေ ၄ သိန်းခွဲခန့်ရှိနေပြီး အဲဒီထဲက ၂ သိန်းခွဲဟာ စစ်ရှောင်တွေ ဖြစ်နေကြရပြီး ၁သိန်းခွဲကတော့ တိုက်ရိုက်စစ်ဘေးရှောင်မဟုတ်ပေမဲ့ စစ်ရေးနဲ့ပတ်သက်လို့ ထိခိုက်နစ်နာသူတွေဖြစ်နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တာဝန်ခံ ဦးဗညားက ပြောပါတယ်။

ဒါ့အပြင် ကရင်နီတပြည်နယ်လုံးမှာ စစ်မြေပြင်တွေဖြစ်နေပြီး စစ်နဲ့ အနည်းအကျဉ်း လွတ်တဲ့ဒေသမှာလည်း သွားလာရေးခက်ခဲပြီး လမ်းကြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် နေစဉ် လုပ်ကိုင်စားသောက်လို့မရတော့ဘဲ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ လက်ရှိကရင်နီစစ်ဘေးရှောင်အများစုဟာ စားနပ်ရိက္ခာ ပြတ်တောက်နေသလို စစ်ကို ဆင့်ကဲရှောင်နေရတဲ့အတွက် အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဦးဗညားက‌ ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်အများစုမှာလည်း မိုးရာသီဖြစ်တာကြောင့် အများအပြား ဖျားနာနေကြသလို တချို့နေရာထိုင်ခင်း အဆင်မပြေတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013