
မိုးဗြဲမြို့ကနေ လွိုင်ကော်မြို့ကို သွားနေတဲ့ စစ်ကောင်စီရဲ့ကား ၁၅ စီးပါ ယာဥ်တန်းကို ဒီနေ့မနက် ၇ နာရီလောက်မှာ ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ယာဥ်တန်းက ကျေးရွာနှစ်ရွာကို ဖြတ်သွားချိန် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ရဲဘော်တယောက်က ပြောပါတယ်။
"ဒီမနက်က မိုးဗြဲဘက်ကနေလာတဲ့ စကစယာဉ်တန်း ၁၅ စီးကို ကုန်းသာမရောက်ခင်မှာ တော်လှန်ရေးအဖွဲ့တွေက သတင်းအရစောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ သူတို့ တော်တော်လေး အထိနာသွားတယ်။ ကားပေါ်မှ မဆင်းလာဘူး။ တောက်လျှောက်မောင်းပြေးတာ။"

စစ်ကောင်စီယာဥ်တန်းက ကုန်းသာရွာကို ရောက်ချိန်မှာ လမ်းပေါ်က တွေ့သမျှလူကို ရမ်းသန်းပစ်ခတ်တာကြောင့် အသက် ၁၇ နှစ်အရွယ် ကျေးရွာသားတယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နွားလဝိုးကျေးရွာကိုရောက်ချိန်မှာလည်း ထပ်ပြီး ကားပေါ်ကနေ ရမ်းသန်းပစ်တာကြောင့် ပြည်သူ ၂ ဦး ထပ်မံသေဆုံးခဲ့ရပြီး ဒဏ်ရာရတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က နွားလဝိုးကျေးရွာအနီးတဝိုက်ကို စစ်ကား ၈ စီးရပ်နားပြီး ရွာထဲကို ဝင်ရောက်မွှေနှောက်ကာ ကျန်တဲ့ ယာဥ် ၇ စီးကတော့ ထိခိုက်မိသူတွေတင်ပြီး လွိုင်ကော်မြို့ကို ထွက်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလတုန်းကလည်း မိုးဗြဲကို စစ်ကောင်စီယာဥ်တန်းဖြတ်ချိန် ကြောက်လန့်တကြား ပစ်ခတ်လို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲထားတဲ့အတွက် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
မိုးဗြဲမြို့ပေါ်မှာ ၂၀၂၁ ခုနှစ်ကပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲအကြိမ်ရေ များစွာဖြစ်ပွားခဲ့လို့ တမြို့လုံးလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၀,၀၀၀ ကျော်ဟာ ရှမ်း-ကယားနယ်စပ်က စစ်ဘေးရှောင်စခန်းတချို့နဲ့ ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်မြို့နယ်တွေထဲကို သွားရောက်စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။
မိုးဗြဲမြို့ပေါ်ကနေ ပင်လောင်းကို စစ်ရှောင်လာတဲ့ မမာရိယာက “အမတို့ပြေးလာတာဆို စစ်အာဏာသိမ်းပြီး မိုးဗြဲရဲစခန်းကို စစပစ်ကတည်းက အခုထိပဲ။ အိမ်ပြန်လို့လည်းမရဘူး။ အိမ်ထဲကို လက်နက်ကြီးနှစ်လုံး ကျပြီးကွဲတာ အိမ်ဆို ရစရာမရှိတော့ဘူး။ ရေစည်တွေလည်းကွဲ၊ ဘာမှ ရစရာမရှိဘူး။ အခုက အဖေအို၊ အမေအိုနဲ့ ကလေးတွေကို နေ့စားလိုက်ပြီး ရှာကျွေးတယ်။ အကူအညီ အထောက်အပံ့တွေလည်း မရှိဘူး။ အိမ်ပြန်ချင်လည်း စစ်သားတွေ ရှိသေးတယ်။ မပြန်သေးနဲ့လို့ ပြောနေကြတော့ မပြန်ရဲဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ လမ်းမကြီးတလျှောက်လုံးမှာ စစ်ကောင်စီတပ်သားတွေ စခန်းချထားပြီး ကင်းထောက်တွေလည်း ရှိနေတဲ့အတွက် လမ်းမပေါ်မှာ လူအသွားအလာတွေလည်း မရှိသလောက် ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်ကစပြီး ဇွန်လတလတာအတွင်း တိုက်ပွဲ ၆ ကြိမ် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်စ ထိမှန်တာ၊ လမ်းပေါ်မှာတွေ့လို့ ဖမ်းဆီးပစ်သတ်၊ အိမ်ထဲမှာပိတ်မိနေလို့ သတ်ဖြတ်ပစ်တာကြောင့် အရပ်သား ၃၀ ကျော်လည်း သေဆုံးခဲ့ရတယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။
မိုးဗြဲမြို့ပေါ်မှာ ၁၄ ရပ်ကွက်ရှိပြီး ကျန်ရှိနေတဲ့ မြို့ခံတွေလည်း လွိုင်ကော်၊ ဖယ်ခုံနယ် ရှမ်းပြည်တောင်ပိုင်း နယ်စပ်တွေကို ထွက်ပြေးနေရပြီး လက်ရှိမှာ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက် စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် လူထုတွေအနေနဲ့ အိမ်ပြန်တာ၊ ရိက္ခာပြန်ယူတာတွေ မလုပ်ကြဖို့ မိုးဗြဲ PDF က တိုက်တွန်းထားပါတယ်။










