
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက်ကို မိထွေးဖြစ်သူက မူးယစ်ဆေးကြောင်ပြီး ရိုက်နှက်သတ်ဖြတ်ပြီးနောက် အလောင်းဖျောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
မေ ၁၂ ရက် နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ ၁၊ ကျောက်ရေအိုးလမ်းရှိ အိမ်ငှားနေအိမ်တလုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မသန္တာဝေ ဆိုသူက သူ့အမျိုးသား အလုပ်သွားနေချိန် အမျိုးသားဘက်က ပါလာတဲ့ အသက် ၄ နှစ်အရွယ် သားငယ်ကို ရိုက်နှက်ခဲ့ရာကနေ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရွှေတောင်ရပ်ကွက်နေ ပြည်သူတယောက်က “ကလေးအိပ်ဖို့ သူက ချော့သိပ်နေတာ၊ ကလေးက ငိုနေတော့ ဝါးခြမ်းနဲ့ ရိုက်တယ်။ ဆေးလည်းချထားတော့ စိတ်မငြိမ်ဘဲ ကလေးကို လည်ပင်းညှစ်ပြီး သတ်လိုက်တယ်။ ကြားကြားချင်း ကလေးကိုလည်း သနားသလို ကြောက်လည်း ကြောက်မိတယ်။” လို့ ပြောပါတယ်။
ကလေးငယ် သေဆုံးပြီးနောက် အလောင်းကို ဆာလာအိတ်နဲ့ထုပ်ပိုးပြီး အဝတ်ပုံးထဲ ထည့်သိမ်းထားကာ ညပိုင်း လူရှင်းချိန်မှာ အပြင်ကို စွန့်ပစ်ဖို့ စီစဉ်ထားတယ်လို့ ကျူးလွန်သူရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
ကလေးငယ် ပျောက်ဆုံးနေလို့ အိမ်ရှင်က မေးမြန်းစစ်ဆေးရာမှာ မသန္တာဝေရဲ့ အပြုအမူ မမှန်မကန်ဖြစ်နေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် တာဝန်ရှိသူတွေ လာရောက်စစ်ဆေးရာကနေ အလောင်းကို တွေ့ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကျူးလွန်သူ မသန္တာဝေကို တောင်ကြီးမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ပုဒ်မ ၃၀၂ နဲ့ ၂၀၁ တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
မေ ၄ ရက်နေ့ကလည်း တောင်ကြီးမြို့က Peter ဘားဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ဆိုင်ပိုင်ရှင်က ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ပါတယ်။










