စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတလောင်းကို မနေ့က တွေ့ခဲ့ရပြီး ဒေသခံတွေက သင်္ဂြိုလ်ပေးခဲ့ရပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရွှေညောင်တော်ရွာနဲ့ မင်းရွာတောင်ရွာကြားက တောတန်းတခုထဲမှာ ဇူလိုင် ၈ ရက် နေ့ခင်းပိုင်းကတွေ့ခဲ့ရတာဖြစ်ပြီး အလောင်းဟာ ပုပ်ပွနေတာကြောင့် ဘယ်သူ ဘယ်ဝါဆိုတာ အတည်ပြုမရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
“အလောင်းက ဒီနေ့ ရွာကမျှစ်ချိုးသွားတဲ့သူတွေ တွေ့ခဲ့တာဗျ။ သတ်ထားခဲ့တာက လွန်ခဲ့တဲ့ ၃ ရက်၊ ၄ ရက်က သတ်ထားခဲ့တာလို့ ခန့်မှန်းရတယ်။ အဲနေ့တွေက စစ်ကောင်းစီစစ်ကြောင်း ကျနော်တို့ရွာတွေကိုဝင်တယ်။ အဲနေ့က သတ်ထားခဲ့တာ ဖြစ်ဖို့များတယ်။ သေတဲ့သူကတော့ ကျနော်တို့ ဒေသခံရွာသား မဟုတ်နိုင်လောက်ဘူးဗျ။ ဓားစာခံဖမ်းခေါ်လာတဲ့ ပြည်သူတယောက်ကို သတ်ထားခဲ့တာဖြစ်နိုင်တယ်” လို့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။
စစ်ကောင်စီသတ်ဖြတ်ထားခဲ့တဲ့အလောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး မီးရှို့သင်္ဂြိုလ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။