ပါရာဂွေးနိုင်ငံမှာ ဝေးနို အမည်ရှိ ဒစ်ဂျစ်တယ်ဘဏ် ပြိုလဲသွားတဲ့ကိစ္စဟာ ဘဏ္ဍာရေးတင်မကဘဲ နိုင်ငံရေးအထိ ရိုက်ခတ်မှု ဂယက်အတော်ကြီးသွားခဲ့ပြီး အကျပ်အတည်းတွေ ရင်ဆိုင်လာရလို့ ပါရာဂွေးသမ္မတ စန်တီယာဂိုပေညာက ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပေမဲ့ ဥပဒေပြုလွှတ်တော်က လက်မခံဘဲ သူ့ကို စွပ်စွဲပြစ်တင် စုံစမ်းရေးခုံရုံးတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သမ္မတ ပေညာကလည်း အထက်လွှတ်တော် စုံစမ်းရေးခုံရုံးရှေ့မှောက် လာရောက်ကာ အရေးယူ စွပ်စွဲချက်တွေကို သူ့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်အတိုင်း ကျင့်သုံးသွားမယ်လို့ နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။
ဝေးနိုဘဏ်ဟာ အရင်က သာမန် နည်းပညာဘဏ် ဖြစ်ပေမဲ့ အချိန်တိုအတွင်းမှာပဲ လူဦးရေ ၆ သန်းခွဲပဲရှိတဲ့ တိုင်းပြည်မှာ သုံးစွဲသူ ၃ သန်းနီးပါးအထိ ရှိလာခဲ့ပြီး အစိုးရရဲ့ ပင်စင်ရန်ပုံငွေတွေ အပါအဝင် ဘဏ္ဍာငွေ ဒေါ်လာ သန်း ၈၅၀ နီးပါးကိုပါ စီမံခန့်ခွဲရတဲ့ဘဏ်ကြီး ဖြစ်လာခဲ့တာပါ။
ဒါပေမဲ့ အနည်းဆုံးရှိရမဲ့ အကြွေးဆပ်နိုင်စွမ်း သတ်မှတ်ချက်တွေ မပြည့်မီတော့လို့ ဗဟိုဘဏ်က ဝင်ရောက်ထိန်းချုပ်လိုက်ရပြီး သန်းနဲ့ချီတဲ့ ဘဏ်သုံးစွဲသူတွေဟာ အကောင့်ထဲကငွေတွေ ထုတ်မရတော့ဘဲ ဖြစ်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ပါရာဂွေးဗဟိုဘဏ်ဥက္ကဋ္ဌလည်း ရာထူးကနေ နုတ်ထွက်ခဲ့ရသလို ဖမ်းဝရမ်းထုတ်ခံရတဲ့ ဝေးနိုဘဏ်အမှုဆောင် ၈ ယောက်လည်း ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ကြရပါတယ်။
တရားရုံးက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပြီး တချို့ကိုတော့ နေအိမ်အကျယ်ချုပ် ချထားလိုက်တာပါ။
အတိုက်အခံအမတ်တွေကတော့ သမ္မတ ပေညာဟာ ဒီဘဏ်နဲ့ မလျော်ကန်တဲ့ ပတ်သက်မှုတွေ ရှိတယ်၊ ပင်စင်ရန်ပုံငွေတွေကို အလွဲသုံးထားတယ်ဆိုပြီး အပြင်းအထန် စွပ်စွဲထားပါတယ်။
ပေညာဟာ ၂၀၂၅ မတ်လအထိ ဒီဘဏ်ကို ပိုင်ခဲ့တဲ့ ဂရူးပို့ ဗက်စ်ကက်ဇ် အုပ်စုရဲ့ ရှယ်ယာရှင် ဖြစ်ခဲ့ဖူးတာကြောင့်ပါ။
ပေညာကတော့ သူ့ရှယ်ယာတွေကို မတ်လမှာပဲ ရောင်းပြီးပြီမို့ ဘဏ်ကိစ္စတွေမှာ မလိုလားအပ်တာ ဘာမှမလုပ်ခဲ့ဘူး၊ ဒါဟာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာသာဖြစ်လို့ တရားရုံးမှာပဲ ရှင်းရမယ်လို့ ပြန်ငြင်းထားပါတယ်။
သမ္မတ ပေညာဟာ သူ့ မိခင်ပါတီတွင်းမှာပါ ထောက်ခံမှု မရှိတော့လို့ နိုဝင်ဘာ ၅ ရက်က ရာထူးက နုတ်ထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ အောက်လွှတ်တော်က နုတ်ထွက်စာကို ပယ်ချပြီး အထက်လွှတ်တော်ဆီ စွပ်စွဲပြစ်တင်စုံစမ်းရေးကိစ္စ ပေးပို့လိုက်ပါတယ်။ လွှတ်တော်ပြင်ပမှာလည်း ပြည်သူတွေက လမ်းမပေါ်ထွက် ဆန္ဒပြနေကြတာပါ။
လက်ရှိမှာတော့ ပေညာဟာ သမ္မတအဖြစ် သတ်မှတ်ချက်အရ ဆက်ရှိနေဆဲဖြစ်ပြီး အထက်လွှတ်တော် စုံစမ်းရေးမှာ တရားရုံးရှေ့ လာရောက်ပြီး အမှန်အတိုင်း စုံစမ်းခံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံးနဲ့ သြဇာအရှိဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် JPMorgan ကတော့ ဒီဖြစ်စဉ်ဟာ နိုင်ငံရေးဘက်ကို မြန်မြန်ဆန်ဆန် ကူးစက်သွားခဲ့ပြီဖြစ်လို့ အာဏာပိုင်တွေ ပွင့်ပွင့်လင်းလင်း မြန်မြန်မဖြေရှင်းနိုင်ရင် ဘဏ္ဍာရေးစနစ်တခုလုံး ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။
Source: Reuters











