DVB Logo
Home
မြန်မာသတင်း
CNG သုံးယာဉ်များ ဂက်စ်ဖြည့်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရ
DVB
·
July 7, 2023
CNG သုံးယာဉ်များ ဂက်စ်ဖြည့်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရ
Donate to DVB

ရန်ကုန်မြို့မှာ လျှပ်စစ်မီးမမှန်မှုကြောင့် CNG သုံး မော်တော်ယာဉ်တွေဖြစ်တဲ့ YBS၊ တက္ကစီယာဉ် အပါအဝင် CNG ဂက်စ်သုံး မော်တော်ယာဉ်အများစုဟာ ဓာတ်ငွေဖြည့်ဖို့အတွက် မနက်ပိုင်းမှ စတင်ကာ ညနေပိုင်းလောက်အထိ တန်းစီစောင့်ဆိုင်းနေကြရသလို ညအိပ်စောင့်ဆိုင်းပြီး ဂက်စ်တွေ ဖြည့်နေကြရတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

CNG ဂက်စ်ဆိုတွေမှာ ဂက်စ်တွေ မသန့်တာ၊ လိုင်းပရက်ရှာကျတာ၊ မီးမမှန်တာအပြင် အချိန်စနစ်နဲ့ပေးတာတွေကြောင့် အနည်းဆုံး ၂ နာရီကနေစပြီး တချို့ကားတွေဆိုရင် ဂက်စ်ကို ညအိပ်စောင့် ဖြည့်ရတဲ့ အခြေအနေတွေရှိတယ်လို့ အငှါးယာဉ်မောင်းတဦးက ပြောပါတယ်။

“အရင်ကဆို ကျနော်တို့ တက္ကစီတွေအတွက် ဆိုင်တိုင်းမှာ တပေါက် သီးသန့်ရှိတော့ အချိန်ကမကြာဘူး။ ရွှေပြည်သာကွေ့၊ လှော်ကား၊ ထောက်ကြံ့မြို့ရှောင်လမ်း၊ ထောက်ကြံ့ ရွှေညောင်ပင်ဆိုင်၊ သန်လျင် အမှတ်၂ ဆိုင်တွေမှာ အခုဆို တက္ကစီတွေအတွက် တပေါက်သီးသန့် ထားမပေးတော့ဘူး။ အဓိကကတော့ ဂက်စ် မသန့်တာ၊ လိုင်းပရက်ရှာကျတာ၊ မီးမမှန်တာအပြင် အချိန်စနစ်နဲ့ ပေးတာတွေကြောင့် တချို့ညအိပ်စောင့် ဖြည့်ရတဲ့ အခြေအနေတွေရှိတယ်။ လိုသလောက်မရတော့ ကျနော်ဆို အနည်းဆုံး တနေ့ ၂ ကြိမ်ထည့်ရတယ်။” 

ရန်ကုန်မြို့မှာ CNG ဂက်စ်ဖြည့်နိုင်တဲ့ ဆိုင်ပေါင်း ၃၀ နီးပါးရှိပြီး ဂက်စ်ဖြည့်တင်းတဲ့ ပန့်တွေဟာ လျှပ်စစ်မီး အသုံးပြုရတာဖြစ်တဲ့အတွက် လျှပ်စစ်မီး အချိန်မမှန်မှုတို့ကြောင့် ဓာတ်ငွေ့ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားတွေကို ဂက်စ်ဆိုင်တိုင်းလိုလိုမှာ အများအပြားတွေ့ရပါတယ်။

“ဆိုင်တွေတော်တော်များများမှာက မီးစက်တွေရှိပေမယ့် မီးစက်ကလည်း ၁၀ လုံးရှိရင် ၅ လုံးလောက်က ပျက်နေတော့ အလုပ်မဖြစ်ဘူး။ EPC ပြန်စောင့်ရပြီး မီးလာမှပဲ ဂက်စ်က ပြန်ရတာ။ ဂက်စ်တွေ အချိန်မီမရတဲ့အတွက် လမ်းပေါ်မှာ YBS နည်းလာပြီး ခရီးသည်တွေလည်း ကားတစီးရောက်လာဖို့ အချိန်ကြာအောင် စောင့်နေရတာဖြစ်လာတယ်။ အခုလို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတာတွေက မီးမမှန်တာအပြင် ဆိုင်တွေမှာ ရှိတဲ့ မီးစက်တွေ မကောင်းတာလည်း ပါတယ်” လို့ YBS ယာဉ်မောင်းတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လထဲမှာလည်း YBS ကားတချို့ CNG ဂက်စ်ပြတ်လပ်မှုကြောင့် အချိန်မီမပြေးဆွဲနိုင်တဲ့အတွက် ဘတ်စ်ကားမှတ်တိုင်တွေမှာ ကားစောင့်နေတဲ့ ခရီးသွားပြည်သူတွေ အများအပြား အခက်အခဲ ကြုံခဲ့ရပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်ကစပြီး ရန်ကုန်မြို့မှာ CNG သုံး မော်တော်ယာဉ် အားလုံး ဓာတ်ငွေ့ဖြည့်ဖို့အတွက် CNG ဂက်စ်ဆိုင်တွေမှာ ဒီနေ့အချိန်ထိ အချိန်ကြာမြင့်စွာ ဆက်လက်စောင့်ဆိုင်းတန်းစီဝယ်ယူနေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013