အိန္ဒိယနိုင်ငံတွင်း ဓာတ်ငွေ့ပြတ်လပ်မှုနဲ့ ထိန်းချုပ်ကန့်သတ်တာတွေကြောင့် ဒေလီမြို့က မြန်မာ ရွှေ့ပြောင်းနေထိုင်သူတွေပါ အခက်အခဲတွေ ကြုံနေရကြောင်း မြန်မာအသိုက်အဝန်း ကနေ သိရပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားကတဆင့် စွမ်းအင်တင်ပို့မှုတွေ ပိတ်ဆို့ခံရပြီး ကြန့်ကြာမှုတွေ ဖြစ်ခဲ့တာကြောင့် အိန္ဒိယဟာ ဆယ်စုနှစ်များစွာ အတွင်းမှာ အဆိုးရွားဆုံး ဓာတ်ငွေ့အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
နိုင်ငံအတွင်းမှာလည်း ဂက်စ်ဝယ်ယူရတဲ့ အခက်အခဲတွေကို အိန္ဒိယနိုင်ငံသားတွေအပြင် အိန္ဒိယကို ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းခိုလှုံသူတွေလည်း ကြုံတွေ့နေကြရပါတယ်။
ဒေလီမြို့က မြန်မာနိုင်ငံသားတယောက်က “အရင်တုန်းက ရိုးရိုးပုံမှန် အခြေအနေဆိုရင် တကီလိုကို ၉၀ ရူပီး၊ အခု ဘယ်လောက်ထိ ဖြစ်သွားလဲဆိုတော့ တကီလိုကို ၃၀၀၊ ၃၅၀၊ တချို့နေရာတွေဆို ၄၀၀ လောက်ထိ ပေါက်တယ်။ ဒါ အရမ်းဒုက္ခရောက်သွားတယ်၊ ဈေးက အရမ်းမြင့်သွားတော့။ ၃၀၀ ပေးမယ် ဆိုတာတောင်မှ ဂက်စ်က ဒီမှာ လွယ်လွယ်ကူကူ လွတ်လွတ်လပ်လပ် ဝယ်လို့မရဘူး။ ဟိုးအစောပိုင်းရက်တွေကဆိုရင် မနက်အစောကြီး ထ တန်းစီရတယ်။ အဲဒါတောင်မှ ကိုယ့်အလှည့်ရောက်ရင် မရတော့တာတွေ ရှိတယ်။ ဒီမှာ CDM တွေရှိတယ်၊ စစ်ရှောင်တွေရှိတယ်၊ အဆင်မပြေဘူးပေါ့။ အဲဒီလူတွေက ဘာလဲဆိုတော့ ဆိုင်လေးတွေ ဖွင့်ကြတယ်၊ ဗမာဆိုင်လေးတွေပေါ့။ ဥပမာ ခေါက်ဆွဲသုပ်တို့၊ အသုပ်စုံတို့ ဖွင့်တဲ့လူတွေ ရှိတယ်။ အဲဒီလူတွေက အခု အရမ်းဒုက္ခရောက်တယ်။ တချို့ဆို ဆိုင်တွေတောင် ပိတ်ရတယ်” လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံက ဓာတ်ငွေ့ရည် (ဂက်စ်) (LPG) ကို ကမ္ဘာ့ဒုတိယအများဆုံး တင်သွင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ LPG ဓာတ်ငွေ့ ပြည်ပတင်သွင်းမှုရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အရှေ့အလယ်ပိုင်းကနေ လာခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်တုန်းက LPG ဓာတ်ငွေ့ မက်ထရစ်တန်ချိန် ၃၃ ဒသမ ၁၅ သန်းကို ချက်ပြုတ်ရာမှာ သုံးခဲ့ကြောင်း သိရပါတယ်။
ဝမ်းရေးအတွက် ဂက်စ်သုံးပြီး ချက်ပြုတ် ရောင်းချနေကြတဲ့ ရွှေ့ပြောင်းခိုလှုံသူတွေနဲ့ CDM တွေလည်း အခက်အခဲတွေ ကြုံနေကြရပါတယ်။
ဒေလီမြို့မှာနေထိုင်တဲ့ CDM တယောက်က “တချို့ဆို ဝယ်လို့တောင် မရကြဘူး။ ကျနော်တို့ကျတော့ ဝယ်လို့တော့ရတယ်၊ ဈေးက အရမ်းကြီးတာလေ။ ကြီးတော့ မီနူးက ဈေးတွေလည်း ပြန်တက်တယ်။ တချို့ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ဂက်စ်အိုး တကီလို၊ ၂ ကီလို အဲလိုမျိုးတွေ ဖြည့်ပေးတယ်။ အခုက ဆလင်ဒါအကြီးဆို ၁၄ ကီလိုရှိတယ်။ အဲဒါမျိုးတွေပဲ သူတို့က ရောင်းတော့တာ။ အဲဒါကိုမှ အရင်ကဆို ၁,၁၀၀၊ ၁,၀၀၀ အဲလောက်ပဲရှိတာ။ အခုက ၃,၅၀၀၊ ၄,၀၀၀ အဲဒါမျိုးတောင် ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ကျနော်ပြောခဲ့သလိုပေါ့ သူ့အချိတ်အဆက်နဲ့ပဲ ဝယ်ရတာ။ ကျနော်တို့ စားသောက်ဆိုင်ဖွင့်တဲ့လူတွေလည်း ဈေးတက်တော့ Customer တွေလည်း သိပ်လာမစားကြဘူး။ ဖြစ်သလိုပဲ စားကြတော့တာပေါ့။ တော်တော်များများ CDM တွေကတော့ ဒုက္ခရောက်တာပေါ့။ စိတ်ဓာတ်တွေ ကျကျနေတာ တော်တော်များများတော့” လို့ ပြောပါတယ်။
UNHCR ရဲ့ စာရင်းအရ ၂၀၂၆ ခုနှစ် မတ်လအထိ အိန္ဒိယမှာ မြန်မာဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံထားသူ စုစုပေါင်း ၈၆,၀၀၀ ကျော်ရှိနေပြီး ဒေလီတမြို့တည်းမှာပဲ တရားဝင် မှတ်ပုံတင်ဖို့ စောင့်ဆိုင်းနေသူတွေနဲ့ အထောက်အထားမဲ့ ရောက်ရှိနေသူတွေ အပါအဝင် ၁၀,၀၀၀ ထက်မနည်း ရှိနေတယ်လို့ မြန်မာအသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။
ဝေဝေ










