
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ သဲချောင်းရွာမှာ ပျောက်ဆုံးနေတဲ့ ၃ နှစ်သမီးလေး မနဒီရွှေစင်ကို ဇူလိုင် ၆ ရက် မနက် ၁၀ နာရီလောက်က နေအိမ်အနီးရှိ လယ်ကွင်းပြင် ရေမြောင်းအစပ်မှာ ရေနစ်သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ မိသားစုက အတည်ပြုပါတယ်။
"သမီးလေးရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ရှာတွေ့ပါပြီ။ သူ့အမေ နွားကျောင်းသွားနေတာကို လိုက်ရှာရင်း လယ်ကွင်းအစပ်က ရေမြောင်းထဲ ပြုတ်ကျသေဆုံးသွားတာပါ။ ရှာတွေ့အောင် ကူညီပေးသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ကလေးငယ်ရဲ့ရုပ်အလောင်းကို ကံပေါက်တိုက်နယ်ဆေးရုံကို ပို့ဆောင်စစ်ဆေးပြီးနောက် သဲချောင်းရွာသုသာန်မှာ ဇူလိုင် ၆ ရက် နေ့လယ် ၂ နာရီက မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
ရေနစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြားထူးခြားဖြစ်စဉ်မရှိကြောင်း ဆေးစစ်ချက်အရ သိရတယ်လို့ မိသားစုက ပြောပါတယ်။
ကလေးငယ်ဟာ ဇူလိုင် ၄ ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်မှာတယောက်တည်း ကျန်ရစ်စဉ် ပျောက်သွားပြီး ဇူလိုင် ၅ ရက်နေ့ညအထိ ရွာသားတွေက ဝိုင်းဝန်းရှာဖွေခဲ့ပေမဲ့ ပြန်မတွေ့ခဲ့ပါဘူး။
ဝိုင်းဝန်ရှာဖွေပေးဖို့ မိသားစုက လူမှုကွန်ယက်ကတဆင့် အကူအညီတောင်းခံခဲ့ပြီးနောက် ၂ ရက်အကြာမှာ နေအိမ်အနီးပတ်ဝန်းကျင်မှာပဲ သေဆုံးလျက်ပြန်တွေ့ရှိရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း ကံပေါက် ဆင်ကိုးရပ်ရေတံခွန်မှာ ဆယ်ကျော်သက်အမျိုးသမီးငယ်တဦး ခြေချော်ကျပြီး ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။
တနင်္သာရီတိုင်းဟာ မိုးများတဲ့ဒေသဖြစ်ပြီး မိုးရာသီမှာ ချောင်းမြောင်းတွေ နဲ့ ရေတံခွန်တွေ ရေစီးသန်တာကြောင့် မတော်တဆဖြစ်ပြီး ရေနစ်သေဆုံးမှုတွေ နှစ်စဉ်ရှိပါတယ်။