DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ယာဉ်ထိန်းရဲများက ယာဉ်ငယ်များကို အကြောင်း‌အမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်
DVB
·
July 5, 2023
အမြန်လမ်းမကြီးတွင် ယာဉ်ထိန်းရဲများက ယာဉ်ငယ်များကို အကြောင်း‌အမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသွားလာနေကြတဲ့ ယာဉ်ငယ်တွေကို အမြန်လမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့က အကြောင်း‌အမျိုးမျိုးပြပြီး နေရာစုံမှာ ဖမ်းဆီး ငွေညှစ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ယာဉ်ထိန်းရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် ဆိုပြီး ယာဉ်ငယ်တွေ သက်မှတ်မိုင်နှုန်းကျော်လွန်ပြီး မောင်းနှင်ခြင်း ရှိ၊ မရှိ အဓိကထား စစ်ဆေးနေပြီး တခြားပြစ်မှုတွေ အကြောင်းပြကာ ငွေညှစ်တောင်းဆိုတာတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နေပြည်တော်မြို့ ခရီးသွားပြည်သူတဦးက “ကီလိုဖမ်းတာလည်း ဖမ်းပေါ့ဗျ။ မြင်သာထင်သာ ရှိတဲ့ နေရာမျိုးက ဖမ်းကြပေါ့။ အခုက သူခိုးချောင်း ချောင်းပြီး ဖမ်းနေတာ။ နေရာအတိအကျလည်း မရှိဘူး။ လမ်းလယ်ကျွန်းမှာရှိတဲ့ အပင်အကွယ်ကလည်း ဖမ်းတယ်၊ ဆိုင်ကယ်နဲ့ချောင်းပြီး မိုင်တိုင်းတဲ့ စက်နဲ့ကောင်လည်း ရှိတယ်၊ မိုင်တိုင်ကျောက်စရစ်တွေမှာလည်း ကင်မရာကပ်ထားတယ်။ ဥပဒေအရ လုပ်မယ်ဆိုရင်လည်း တိတိကျကျနဲ့ သတ်မှတ်နေရာတွေမှာ စစ်ဆေးမှုလုပ်သင့်တယ်”  လို့ ဒီဗွီဘီကို‌ ပြောပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးတယ်ဆိုပြီး ယာဉ်ထိန်းရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိမ်စီးကားနဲ့ ပစ်ကပ် (လိုက်ထရပ်/ခွေးဘီလူး) ကားတွေထံက အမြန်လမ်းမကြီး ရန်ကုန် အတက်လမ်းနဲ့ အဆင်းလမ်း နှစ်ဖက်စလုံး နေရာစုံမှာ ဖမ်းဆီးငွေညှစ်နေတယ်လို့ သိရပါတယ်။

ယာဉ်စည်းကမ်းအနေနဲ့ အမြန်လမ်းမကြီး သတ်မှတ်ကီလိုမီတာ မိုင်နှုန်းကို အိမ်စီးကား ကီလို ၁၀၀ နဲ့အထက်၊ ပစ်ကပ်ကားတွေကို ကီလို ၆၀ နဲ့ မောင်းနှင်ခြင်းမပြုဖို့ သတ်မှတ်ထားပြီး ကုန်တင်ယာဉ်ကြီးတွေကို မောင်းနှင်ဖြတ်သန်းခွင့် မပြုပါဘူး။

“ကီလို‌ကျော်မောင်းတဲ့သူတွေကို ဖမ်းတဲ့သတင်းတွေ ရထားတော့ ပုံမှန်ပဲ မောင်းတယ်။ အဲ့ဒါလည်း အဖမ်းခံရတာပဲ။ နေ့မီး (day light) မီးသေးသေးလေး တပ်ထားလို့တဲ့ အဖမ်းခံရတာ။ ၅၄ မိုင်မှာ ၁ သိန်းပေးခဲ့ရတယ်။ သူတို့က ချလန်ဖြတ်ပြီး တရားရုံး သွားဆောင်လို့ရတယ် ပြောတယ်။ ကျနော်က မန္တလေး ပြန်ရမှာဆိုတာနဲ့ သူတို့ တောင်းသလောက် ပေးခဲ့ရတယ်” လို့ မန္တလေးမြို့မှ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေသတ်မှတ်ချက်အရ အဲဒီဥပဒေတွေကို ကျူးလွန်ပါက အမြင့်ဆုံးဒဏ်ကြေးမှာ ၄၁,၅၀၀ ကျပ် သတ်မှတ်ထားပေမဲ့ ပြည်သူတွေ သွားလာရေးနဲ့ အချိန်အခက်အခဲ‌တွေကို သိရှိထားတဲ့ ယာဉ်ထိန်းရဲတွေက ဒဏ်ကြေးအမြောက်အမြား ငွေညှစ်တောင်းဆိုနေတာလို့ သိရပါတယ်။

ဖမ်းဆီးနေတဲ့ နေရာတွေက ရန်ကုန် ဇီးရိုးမိုင်မှ မန္တလေး‌မြို့အဝင်၊ မန္တလေးမြို့အထွက်မှ ရန်ကုန် ဇီးရိုးမိုင်အထိ လမ်းလယ်ကျွန်းနဲ့ လမ်းလက်ယာဘက်ခြမ်းတွေ နေရာစုံက မြင်သာတဲ့ နေရာတွေအပြင် မိုးရွာတဲ့အချိန်တွေမှာလည်း အမိုးအကာအောက် အကာအကွယ်ယူကာ ဖမ်းဆီးနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ခရီးသည်တင် (EXPRESS) ယာဉ်ကြီးတွေနဲ့ အဲဒီလမ်းမကြီးပေါ်မှာ မောင်းနှင်ခွင့်မရှိတဲ့ ကုန်တင်ယာဉ်ကြီးတွေကတော့ စစ်ဆေးရေးဂိတ်တွေကို ဆက်ကြေးပေးဆောင်ထားတဲ့အတွက် အမြန်လမ်း ယာဉ်ထိန်းရဲတွေက ဖမ်းဆီးအရေးယူခြင်း မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013