ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ပွဲကုန်းရပ်ကွက်နဲ့ စျေးကုန်းရပ်ကွက်မှာရှိတဲ့ စစ်ဘေးရှောင် နေအိမ်တွေက ပစ္စည်းတွေကို စစ်ကောင်စီတပ်က ခိုးယူသွားတယ်လို့ ဇူလိုင် ၁ ရက်မှာ နေအိမ်ကို ပြန်ကြည့်တဲ့သူတွေက ပြောပါတယ်။
“စစ်ကောင်စီနေသွားတာတော့ အိမ်ကောင်းတွေ၊ အိမ်အမြင့်တွေမှာ အဓိကနေတယ်။ စားသောက်ထားတာတွေလည်း လောက်တောင်တက်နေတယ်။ အခုမြင်ရတာ ကြည့်လိုက်တာနဲ့ တန်ဖိုးရှိတာ ဘာမှမချန်ဘူး၊ အကုန်ယူသွားတာပဲ။ တအိမ်ဆိုရင် အထည်ဆိုင်ကြီးလေ၊ သူတို့ အကုန်မွှေနှောက်ပြီး ယူသွားတယ်။ နောက်ပြီး အပေါ်မှာသိမ်းထားတဲ့ ရွှေအတုမလို့ပေါ့နော် တဘူးလုံးယူသွားတယ်၊ အတုမှန်းသိပုံမရဘူး။”
စစ်ကောင်စီတပ်တွေက အိမ်ကြီးအိမ်ကောင်းတွေမှာ နေထိုင်သွားခဲ့ပြီး ပစ္စည်းကောင်းတွေ ခိုးယူကာ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလည်း အကုန်ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆိုင်တဆိုင်မှာ စစ်ကောင်စီတပ်ရဲ့ မှတ်ပုံတင်ပါ ပိုက်ဆံအိတ်တခု ကျကျန်နေခဲ့ပြီး မှတ်ပုံတင်မှာ ပအိုးဝ်လူမျိုးလို့ ပါနေတာကြောင့် ပအိုးဝ်ပြည်သူ့စစ် (PNO) တပ်က စစ်သား ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားတဲ့အချိန်တွေမှာ တရပ်ကွက်ပြီး တရပ်ကွက် အိမ်ကြီးအိမ်ကောင်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေကို နေထိုင်မွှေနှောက်ခဲ့ပြီး ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာကြောင့် ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်းထောင်ချီ ရှိနိုင်တယ်လို့ သိရပါတယ်။