DVB Logo
Home
မြန်မာသတင်း
မော်လိုက်စခန်းကုန်းကို PDF သိမ်းပိုက်၊ စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၁၀ ဦးသေဆုံး
DVB
·
July 1, 2023
မော်လိုက်စခန်းကုန်းကို PDF သိမ်းပိုက်၊ စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၁၀ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီးမှာ အကြမ်းဖက် စစ်တပ်၊ ရဲနဲ့ ပျူစော ထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာန  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက် မနက် ၅.၁၅ နာရီကနေ ၁၁.၄၅ နာရီလောက်အထိ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)၊ တပ်ရင်းမှူး ဦးစီးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက အကြမ်းဖက်စစ်တပ်၊ ရဲ၊ ပျူစောထီး ပူးပေါင်း အင်အား ၅၀ လောက်ရှိတဲ့ စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအပါအဝင် ၁၀ ယောက် သေဆုံးခဲ့ပြီး လက်နက်၊ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာဆီ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှာ ယာယီ အခြေပြုထားတဲ့ Mi 35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ၃ ကြိမ်၊ တံတားဦးလေတပ်စခန်းက တက်လာတဲ့ A-5 ဗုံးကြဲတိုက်ခိုက်ရေး လေယာဉ်နဲ့ ၁ ကြိမ် စုစုပေါင်း ၄ ကြိမ်တိတိ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် အဆိုပါစခန်းကုန်းကို PDF တပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းကတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်တာမို့ အကြမ်းဖက်စစ် အုပ်စုရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှု အများဆုံးခံနေရတဲ့ ဒေသတခုဖြစ်နေခဲ့တာပါ။ 

NUG အစိုးရ ကာကွယ်​ရေးဝန်ကြီးဌာန  တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) ကတော့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့် တင်ဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ် နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီး စခန်းကုန်း သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013