DVB Logo
Home
Lead Story
အာဂ စစ်တပ်
DVB
·
July 1, 2023
အာဂ စစ်တပ်
Donate to DVB

ပြည်သူ့ဘဏ္ဍာငွေတွေသုံးပြီး တည်ဆောက်ထားတဲ့ စစ်တပ်၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံအနက် အဆင့် ၃၈ ရှိတဲ့ စစ်တပ်၊ စစ်သည်အင်အား ၅ သိန်းရှိတယ်ဆိုပြီး မကြာခဏပြောလေ့ရှိတဲ့ စစ်တပ် ထိုထို ဤဤ အာဂ စစ်တပ်။

အဲ့ဒီ အာဂစစ်တပ်ဟာ နိုင်ငံရဲ့ အဓိကကျတဲ့ ဌာနကြီး ၃ ခုကို ချုပ်ကိုင်ခွင့်ရခဲ့တယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ။ ပြည်သူ့ရွေးကောက်ခံ မဟုတ်ပါဘဲ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းမှာ အမတ်အဖြစ် ပါဝင်ခွင့်ရတယ်။ တရားစီရင်ရေးမှာလည်း တပ်ချုပ်ရဲ့ အဆုံးအဖြတ်ကပဲ နောက်ဆုံးအပြီးသတ်ဖြစ်တယ်။ စစ်တိုက်ဖို့တင်မဟုတ်၊ စီးပွားရှာဖို့ဆိုကာ ကုမ္ပဏီတွေထောင်ပြီး တမျိုး၊ မထောင်ဘဲနဲ့တမျိုး တနိုင်ငံလုံးက သယံဇာတတွေကို လက်ဝါးကြီးအုပ်ခွင့်ရတယ်။ ပြီးတော့ အဲ့ဒီစီးပွားရေးလုပ်ငန်းတွေအတွက် အခွန်ဆောင်စရာမလို၊ အခွန်ရှောင်ခွင့်ရတယ်။ အဲ့ဒီလို အခွင့်ထူးခံရထားတဲ့ အာဂစစ်တပ်ဟာ ပြည်သူ့ဆန္ဒအရ ရွေးကောက်တင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရကို သေနတ်ပြ ခြိမ်းခြောက်ပြီး ဖြုတ်ချတယ်။ ဘာလက်နက်မှမရှိတဲ့ ပြည်သူ့အစိုးရအဖွဲ့ကို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်တယ်ဆိုကာ တတိယအကြိမ်မြောက် ပေါ်ပေါ်ထင်ထင် အာဏာသိမ်းလိုက်ပြန်တယ်။

အာဂ စစ်တပ်

လက်နက်ဆိုလို့ အပ်တိုတချောင်းတောင်မပါတဲ့ ပြည်သူတွေဆိုရင် အနိုင်ကျင့်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို ဖမ်းဆီးတယ်၊ သေနတ်နဲ့ပစ်တယ်၊ တုတ်နဲ့ရိုက်တယ်၊ ဘယ်ကောင်သေရဲလဲ၊ သေရဲတဲ့ကောင် ရှေ့ထွက်ခဲ့ စသဖြင့် အော်ဟစ်ကာ သေနတ်ကြီးတွေကိုင်၊ ကျည်ကာအင်္ကျီတွေဝတ်ပြီး လက်နက်မဲ့ပြည်သူတွေကို စိန်ခေါ်တယ်။ ဆန္ဒပြပွဲတွေကို စစ်မြေပြင်အလား စနိုက်ပါတွေ၊ မောင်းပြန်တွေ၊ စတင်းဂန်းတွေသုံးပြီး လက်နက်မဲ့ ပြည်သူကို နှိပ်ကွပ်တယ်။

အာဂ စစ်တပ်

ဖိနှိပ်မှုတွေကို မခံနိုင်တဲ့အဆုံး ပြည်သူ့ခုခံတွန်းလှန်စစ် ပေါ်လာတယ်။ ပြည်သူကို အကာအကွယ်ပေးမယ့်၊ ရန်သူကိုတိုက်ထုတ်မယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာတယ်။ ပြည်သူတွေရဲ့ ခုခံစစ်ဟာ သူတို့ထင်မှတ်မထားလောက်အောင် အရှိန်အဟုန် ကြီးလာတယ်။ ပျံ့နှံ့ အားကောင်းလာတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာလည်း မြင့်မားတိုးတက်လာတယ်။ ဒီလို တော်လှန်ရေး အားကောင်းလာတဲ့အခါမှာ အာဂစစ်တပ်ဟာ ဘာလုပ်ပါသလဲ။ နှစ် ၇၀ ကျော် အိုမင်းရင့်ရော်လာပြီဖြစ်တဲ့ အာဂစစ်တပ်ဟာ နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ PDF တွေရဲ့ စစ်‌ရေးစွမ်းရည်ကို မယှဥ်သာတဲ့အဆုံး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရွာတွေကို စစ်ကြောင်းထိုးပါတယ်။ လက်နက်မဲ့ ရွာသူရွာသားတွေကို သတ်ဖြတ်တယ်။ ရွာကို မီးတင်ရှို့တယ်။ အရပ်သား ပြည်သူတွေရှိတာ သိလျက်နဲ့ အရပ်သားပစ်မှတ်တွေကိုချည်း တိုက်ခိုက်တယ်၊ ဗုံးကြဲတယ်။ ကလေးတွေ စာသင်တဲ့ စာသင်ကျောင်းလည်း မချန်ပါဘူး။ စစ်ရှောင်စခန်းတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်လိုပစ်၊ လေယာဥ်နဲ့ ဗုံးကြဲပါတယ်။

ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့ နှစ် ၇၀ ကျော် အိုမင်းနေပြီဖြစ်တဲ့ အာဂစစ်တပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို တနိုင်ငံလုံး တကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေ ကျင်းပခဲ့ကြပါတယ်။ သူတို့ခေါင်းဆောင်ကို လေးစားချစ်ခင်တဲ့အတွက် ပန်းသပိတ်ပြုလုပ်ဖို့ စီစဥ်ခဲ့ကြပါတယ်။ ဒီသတင်းကိုသိထားတဲ့ အာဂစစ်တပ်ဟာ ဇွန်လ ၁၈ ရက်နေ့ ညနေကတည်းက မြို့ပေါ်က ပြည်သူတွေကို လက်နက်ကြီးတကားကားနဲ့ စစ်ဆေး ခြိမ်းခြောက်ပါတယ်။ 

နောက်တရက် ၁၉ ရက်နေ့မှာလည်း မနက်ခင်းကတည်းက အဖမ်းအဆီးတွေ လုပ်ပါတယ်။ သူ့ဘာသာသူ လုပ်ရိုးလုပ်စဉ် ပန်းရောင်းသူလည်း အငြိမ်မနေရ၊ ပန်းရောင်းလို့ဆိုကာ ပန်းတွေလွှင့်ပစ်လိုပစ်၊ ပန်းတွေသိမ်းသွားလို သွားနဲ့ပါပဲ။ ပြီး‌တော့ ဖမ်းလည်း ဖမ်းတာပါပဲ။ ပန်းသည်တင်လားဆိုတော့ မဟုတ်။ ပန်းပန်ထားသူတွေကိုလည်း လမ်းမှာတွေ့တာနဲ့ ရိုက်နှက် ဖမ်းဆီးပါတယ်။ အဲ့ဒီလို လမ်းမှာဖမ်းသလားဆိုတော့ ဒါတင်မက။ ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံရိုက်တင်သူတွေ၊ ကွန်းမန့်ပေးသူတွေနဲ့ ရှဲသူတွေကိုလည်း စစ်လော်ဘီ ချန်နယ်တွေကတဆင့် သရဲမင်းရဲစီးသလို ဖမ်းဖို့တင်ကြပါတယ်။ ဖမ်းကြပါတယ်။ 

သတင်းမီဒီယာတွေ ဖော်ပြချက်အရ ပြည်သူ့ခေါင်းဆောင် အမေစုမွေးနေ့မှာ ပန်းနဲ့ပတ်သက်ပြီး ဖမ်းခံရသူ ၁၃၀ ကျော် ရှိပါတယ်။ ခိုးတာမဟုတ်၊ ဓားပြတိုက်တာမဟုတ်၊ လူသတ်တာမဟုတ်။ ပန်းပန်ရုံနဲ့တင် အငြိုးတကြီးနဲ့ လိုက်ဖမ်းနေတာဖြစ်ပါတယ်။

ပြည်သူ့ငွေတွေသုံးပြီး နှစ် ၇၀ ကျော် တည်ဆောက်ထားတဲ့ စစ်တပ်၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံအနက် အဆင့် ၃၈ ရှိတဲ့ အာဂ စစ်တပ်၊ အာဂ စစ်တပ်........။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013