DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့မှ စစ်ရှောင်များ စားနပ်ရိက္ခာ ဆေးဝါး ခက်ခဲနေ
DVB
·
June 29, 2023
ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့မှ စစ်ရှောင်များ စားနပ်ရိက္ခာ ဆေးဝါး ခက်ခဲနေ
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း ကျေးရွာတွေက စစ်ဘေးရှောင် နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာ၊ တားဆီးစစ်ဆေးတာ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် စစ်ရှောင် ၃၀,၀၀၀ နီးပါးဟာ စားနပ်ရိက္ခာအပြင် ဆေးဝါး အခက်အခဲ ကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲနေတဲ့အပြင် နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ ၃၀,၀၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတဦးက “ပစ်ခတ်မှုတွေ စစ်ကောင်စီက ဆက်တိုက်လုပ်နေတဲ့အပေါ်မှာ အခုဆိုရင် စစ်ရှောင်တွေက လုံခြုံမှုမရှိတော့ဘူး။ သူ့အိုးသူ့အိမ်နဲ့ မနေတာတောင် လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ကျေးရွာမှာမနေရတဲ့ ရွာသူရွာသားတွေ ကျန်းမာရေးအခက်အခဲကော စားဝတ်နေရေး အခက်အခဲကော တော်တော်များများ အခက်အခဲတွေ ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဈေးတွေပိတ်ထားရတဲ့အတွက် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတဲ့အတွက် လယ်ယာလုပ်ငန်းခွင်တွေကို မဝင်ရောက်နိုင်တဲ့အပြင် စိုက်ပျိုးပြီးလယ်တွေ ပြန်လည်မပြုစုရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒေသခံပြည်သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေ ပိုရှိလာနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၂၇ ရက် ညနေ ၆ နာရီလောက်က ကျောက်ကြီးမြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်အစပ်က ဗောဓိကွင်းကျေးရွာကို ခမရ ၂၆၄ တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသား ၂ ယောက် နေရာမှာတင်သေဆုံးပြီး သင်္ဃန်းချောင်းကျေးရွာက ဒေသခံ ၄ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013