DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးကြိုးပမ်းမည်ဟု စစ်ကောင်စီနှင့်တွေ့ပြီးနောက်  အပစ်ရပ် ၅ ဖွဲ့ ကြေညာ
DVB
·
June 29, 2023
မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးကြိုးပမ်းမည်ဟု စစ်ကောင်စီနှင့်တွေ့ပြီးနောက်  အပစ်ရပ် ၅ ဖွဲ့ ကြေညာ
Donate to DVB

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်း ကျော်လွှားနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့  အန်စီအေ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့က ကြေညာပါတယ်။ 

အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့  PPST အဖွဲ့ဝင်  ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLOတို့ ပါဝင်တဲ့ အဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူတွေ နေပြည်တော်မှာ ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ကြေညာလိုက်တာပါ။

အပစ်ရပ် ၅ ဖွဲ့ဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်း ကျော်လွှားနိုင်ရေးဆိုတဲ့ ထိပ်သီးဆွေးနွေးပွဲရဲ့ မူကိုသော်လည်းကောင်း၊ လက်နက်မဲ့၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အန်စီအေ ပြဋ္ဌာန်းချက်ကိုသော်လည်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ သော်လည်းကောင်းအစဉ်တစိုက် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇွန်လ ၂၈ ရက် တတိယနေ့ နောက်ဆုံးနေ့ဆွေးနွေးပွဲမှာ တဖွဲ့ချင်းစီ သီးသန့်တင်ပြဖို့ရှိတဲ့ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကို မနက်ပိုင်းမှာ စစ်ကောင်စီထံ တင်ပြကြခဲ့ကြပြီး  မွန်းလွဲပိုင်းမှာတော့ ၃ ရက်တာဆွေးနွေးချက်အရ အသေးစိတ် အချက်အလက်တွေအပါအဝင် မူပိုင်းဆိုင်ရာ သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုးခဲ့သလို လုပ်ငန်းပိုင်းဆိုင်ရာသဘောတူညီချက် ၅ ချက်ကို မှတ်တမ်းတင်ခြင်း ကဏ္ဍမှာ စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်အဖွဲ့ ၅ ဖွဲ့နဲ့  စစ်ကောင်စီတို့ ဇွန်လ ၂၇ ရက် ဒုတိယနေ့ ဆွေးနွေးပွဲမှာတော့ ဖက်ဒရယ်အခြေခံမူတွေကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စ၊ UWSP ၊ NDAA ၊ SSPP အဖွဲ့တွေ ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ရေးအပေါ် NCA-S EAO တွေရဲ့ သဘောထားတွေနဲ့   အပါအဝင်  ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဇူလိုင် ၂၆ ရက် ပထမနေ့ တွေ့ဆုံရာမှာတော့  ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုတဲ့ အချက်တွေ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသတည်ငြိမ်ရေးနဲ့  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ စစ်ကောင်စီဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေ တက်ရောက်တယ်လို့ဆိုပါတယ်။

အပစ်ရပ် ၅ ဖွဲ့ဘက်ကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)  ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ ကေအန်ယူခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့  KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ တက်ရောက်ပါတယ်။

အဆိုပါလက်နက်ကိုင် ၅ ဖွဲ့ထဲမှာ ကေအန်ယူခွဲထွက်အဖွဲ့တွေဖြစ်တဲ့  DKBAနဲ့   KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ကတော့ စစ်ကောင်စီတပ်ရဲ့ စေခိုင်းသမျှလိုက်လုပ်နေရတဲ့ ဩဇာခံအဖွဲ့တွေဖြစ်ပြီး  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တို့ကတော့ တပ်ဖွဲ့အင်အား အနည်းငယ်သာရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ၁၀၀ ကျော်ပြုလုပ်ခဲ့ရာမှာ အများစုက နှစ်ပေါင်းများစွာ စစ်မတိုက်တော့တဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး  ဒီဆွေးနွေးပွဲတွေကနေ သိသာထင်ရှားတဲ့ ရလဒ် တစုံတရာ  ရရှိခဲ့တာလည်း မရှိပါဘူး။ 

စစ်ကောင်စီကတဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်လို့ ပြောနေပေမဲ့ တဖက်မှာတော့ နိုင်ငံတဝန်းမှာ ကျေးရွာတွေကို ရွာမီးရှို့၊ လူသတ်၊ ငွေနဲ့ပစ္စည်းတွေလုယူ၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်မှုတွေ မျိုးစုံ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013