DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာပြီး ရေကြီးနေသဖြင့် ရခိုင်စစ်ရှောင်များ နေထိုင်ရေး အခက်ကြုံ
DVB
·
June 29, 2023
မိုးအဆက်မပြတ်ရွာပြီး ရေကြီးနေသဖြင့် ရခိုင်စစ်ရှောင်များ နေထိုင်ရေး အခက်ကြုံ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတချို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေနစ်မြုပ်နေတာကြောင့် နေရေးထိုင်ရေး အခက်အခဲ ကြုံနေကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

လက်ရှိမှာ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းနဲ့ မြေပုံမြို့နယ် ရက်ချောင်း စစ်ဘေးရှောင်စခန်းတို့ ရေနစ်မြုပ်နေတာလို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ အဆက်မပြတ် မိုးရွာသွန်းမှုတွေကြောင့် နေအိမ်အများစု ရေနစ်မြုပ်နေပြီး လူနေအခန်းအောက်တွေအထိ ရောက်နေပြီလို့ စခန်းအတွင်းနေထိုင်သူတဦးဖြစ်တဲ့ ဦးထွန်းသိန်းလှက ပြောပါတယ်။

“ရေတွေက လူတွေနေတဲ့ အခန်းအောက်အထိ နစ်မြုပ်နေကြပြီး။ ကလေးတွေဆိုရင် အောက်ဆင်းပြီးသွားလို့တောင် မရတော့ဘူး။ အိမ်သာတွေလည်း အကုန်လုံးနစ်မြုပ်သွားကြပြီ။ ရေအိုင်နေရင်တော့ ခြင်တွေပေါက်ပြီး ကျန်းမာရေးထိခိုက်မှုတွေပါ ရှိလာနိုင်တယ်” လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ အခုရက်ပိုင်းတွေမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ရေနစ်မြုပ်မှုဟာ အခုထက်မြင့်တက်လာရင် ကျေးရွာဘုန်းကြီးကျောင်းနဲ့ ကျေးရွာကုန်းမြင့်ပိုင်း ယာယီရွှေပြောင်းပေးဖို့ စီစဉ်နေကြတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါအပြင် ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှာလည်း ရေနစ်မြုပ်မှုတွေရှိနေပြီး လူနေအိမ် ၅၀ ကျော်လောက်ဟာ ထမင်းချက်ဖို့ နေရာတောင်မရှိကြဘူးလို့ စေတီပြင်စစ်ဘေးရှောင်စခန်းက အမျိုးသမီးတဦးက ပြောပါတယ်။

“မိုးရွားသွန်းပြီး ချောင်းရေတက်လာတာကြောင့် ရေတွေက မဆင်းနိုင်တော့ဘဲ တဖြည်းဖြည်းနဲ့ မြင့်တက်လာကြပြီး။ မြေနိမ့်ပိုင်းက အိမ် ၅၀ လောက်ဆိုရင် ထမင်းချက်ဖို့ နေရာတောင်မရှိတော့ဘူး။ အခန်းတွေ အကုန်လုံးနစ်မြုပ်နေကြပြီး။ အိပ်တာတောင် ကုန်မြင့်ပိုင်းက အိမ်တွေကို ပြောင်းပြီးအိပ်နေကြရတယ်” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော် ခိုလှုံနေကြပါတယ်။

ဒါအပြင် မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာလည်း မိုးရွာသွန်းပြီး တောင်ကျရေတွေနဲ့ ချောင်းရေတက်လာတာကြောင့် စခန်းတွင်း ရေနစ်မြုပ်မှုတွေရှိလာတယ်လို့ ရက်ချောင်းစစ်ဘေးရှောင်စခန်းက ကိုထွန်းမြတ်ဇော်က ပြောပါတယ်။

“မိုးရွာရင် စခန်းအတွင်းမှာ ရေနစ်မြုပ်မှုတွေရှိတယ်။ အခုရက်ပိုင်းက မိုးအရမ်းကြီးတော့ မိုးရွာတာနဲ့ ချောင်းရေကြီးလာတာနဲ့ တောင်ကျရေတွေတက်လာရင် စခန်းတွင်းမှာ အကုန်လုံးနစ်မြုပ်တာကြောင့် ရွာထဲမှာ သွားနေရတာတွေရှိတယ်” လို့ ပြောပါတယ်။

ဒ့ါအပြင် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းမှာလည်း စခန်းအနီးရှိ ချောင်းရေမှာ နှစ်စဉ်နှစ်တိုင်းဝင်ရောက်ပြီး အခုနှစ်မှာ မိုးကြီးရေကြီးမှုတွေကြောင့် အရင်နှစ်တွေကထက် ပိုပြီရေနစ်မှုတွေရှိတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေ အားအနည်ကနေ အသင့်အတင်ရှိနေသလို ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေပြီး ရခိုပြည်နယ်အပါဝင် ပြည်နယ်အချို့နဲ့ တိုင်းဒေသကြီးအချို့မှာ မိုးကြီး၊ရေကြီးမှုတွေဖြစ်နိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းကျော်အထိ ရှိနေသေးတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013