
အန်စီအေအပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဇွန်လ ၂၇ ရက်က နေပြည်တော်မှာ ဒုတိယနေ့အဖြစ်တွေ့ဆုံပြီး ဖက်ဒရယ်အခြေခံမူတွေကိစ္စ အပါအဝင် ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ PPST အဖွဲ့ဝင် ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO တို့က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ NCA-S EAO အဖွဲ့တွေအကြား ဆွေးနွေးသဘောတူထားသော ဘုံသဘောတူညီ ချက်တွေကိစ္စ၊ ဖက်ဒရယ်အခြေခံမူတွေကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စ၊ UWSP ၊ NDAA ၊ SSPP အဖွဲ့တွေ ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ရေးအပေါ် NCA-S EAO တွေရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး သဘောထားမြင်တွေကို အပြန်အလှန်ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ် ၅ ဖွဲ့ဟာ ဇူလိုင် ၂၆ ရက်က စတင် နေပြည်တော်မှာ ဆွေးနွေးနေကြတာဖြစ်ပြီး ဒီကနေ့ ဇွန်လ ၂၈ ရက်မှာလည်း တတိယနေ့ဆွေးနွေးပွဲကို ဆက်လက်ကျင်းပနေကာ နှစ်ဖက်တူညီတဲ့ သဘောထားတွေကို သဘောတူညီချက်တွေအဖြစ် လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ စစ်ကောင်စီဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေ တက်ရောက်တယ်လို့ဆိုပါတယ်။
အပစ်ရပ် ၅ ဖွဲ့ဘက်ကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ ကေအန်ယူခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ တက်ရောက်ကြပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ၁၀၀ ကျော်ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက တဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်လို့ ပြောနေပေမဲ့ တဖက်မှာတော့ နိုင်ငံတဝန်းမှာ ကျေးတွေကို ရွာမီးရှို့၊ လူသတ်၊ ငွေနဲ့ပစ္စည်းတွေလုယူ၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်မှုတွေ မျိုးစုံ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။










