DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဥပဒေသစ်ကြောင့် PGMF အသေးစားငွေချေးလုပ်ငန်း ပိတ်သိမ်း
DVB
·
June 27, 2023
စစ်ကောင်စီဥပဒေသစ်ကြောင့် PGMF အသေးစားငွေချေးလုပ်ငန်း ပိတ်သိမ်း
Donate to DVB

မြန်မာနိုင်ငံမှာ အကြီးဆုံး အသေးစားချေးငွေလုပ်ငန်းတခုဖြစ်တဲ့ Pact Global Microfinance Fund – PGMF ကုမ္ပဏီဟာ ငွေချေးသူတွေရဲ့ ကြွေးမြီလက်ကျန်တွေကို အပြီးအပိုင်လျှော်ပေးပြီး လုပ်ငန်းပိတ်သိမ်းတော့မယ်လို့  ဇွန် ၂၆ ရက်မှာ ကြေညာပါတယ်။

PGMF အနေနဲ့ အကြွေးရှင်တွေကို ပြန်ပေးအပ်ဖို့ ကျန်နေတဲ့ ငွေကြေးတွေကို ဖယ်ထားပြီး ငွေချေးငှားသူ ၉ သိန်းဝန်းကျင်ရဲ့ ကြေးမြီ ဒေါ်လာ ၁၅၆ သန်းကို လျှော်ပစ်ပြီးနောက် ဇွန် ၃၀ ရက် နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီက  ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့  PGMF ဘက်က ပြောကြားထားပြီး ဥပဒေအသစ်တွေကြောင့် မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

PGMF ကို စစ်ကောင်စီရဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေစေမယ့် တောင်းဆိုမှုတွေကြောင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ဇွန် ၃၀ ရက်နေ့မှာ မှတ်ပုံတင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကုမ္ပဏီရဲ့စာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် PGMF ဟာ လက်ရှိလုပ်ငန်းကို တရားမဝင်လုပ်ဆောင်သလို ဖြစ်နေမှာဖြစ်ပြီး ဝန်ထမ်းတွေအတွက် အန္တရာယ်တွေ ကြုံတွေ့နိုင်တာကြောင့် ဘုတ်အဖွဲ့မှာ တခြားရွေးချယ်ဖို့ နည်းလမ်းမရှိတော့ဘဲ မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်နေတဲ့ ငွေရေးကြေးရေးလုပ်ငန်းကို ပိတ်သိမ်းဖို့ စီစဉ်လိုက်ရတာလို့လည်း ဆိုပါတယ်။

PGMF ဘုတ်အဖွဲ့ဥက္ကဋ္ဌ အယ်လန် ဗာနေးက “ကျမတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုဖို့ မြန်မာအစိုးရကို နားချခဲ့ပါတယ်။ မှတ်ပုံတင်ခွင့်မရအောင် လုပ်ခြင်းနဲ့ အစိုးရဟာ ကျမတို့ကို နိုင်ငံထဲက ထွက်ရင်ထွက်၊ မထွက်ရင် တရားမဝင် လုပ်ငန်း လုပ်ကိုင်အောင် ဖိအားပေးသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

PGMF အနေနဲ့ ကုမ္ပဏီရဲ့ အမြတ်အစွန်းကို အစိုးရနဲ့ မျှဝေရယူပြီး နောင်မှာ ကုမ္ပဏီပိုင်ဆိုင်မှုကို အစိုးရဆီ လွှဲပြောင်းပေးပါမယ်လို့ သဘောမတူဘူးဆိုရင် PGMF ကို အသေးစားချေးငွေတွေ ဆက်လက်ချေးပေးနိုင်မယ့် စီးပွားရေးအဖွဲ့အစည်းတခုအနေနဲ့ မှတ်ပုံတင်ချပေးဖို့ အစိုးရက ငြင်းဆန်ခဲ့တယ်လို့ အဲဒီလုပ်ငန်းဘက်က ထုတ်ပြန်ထားပါတယ်။

ဒီအချက်ဟာ အမေရိကန် အရေးယူပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်ရာရောက်နေတာ အပါအဝင် အကြောင်းရင်းများစွာကြောင့် လိုက်နာဖို့ မဖြစ်နိုင်ဘူးလို့လည်း PGMF က ထုတ်ပြန်ပါတယ်။

မနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်ပုံတင်ခြင်းဥပဒေမှာ စည်းမျဉ်းအမိန့်တွေကို မလိုက်နာတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် ထောင်ဒဏ် အပါအဝင် ရာဇဝတ်မှုပြစ်ဒဏ်တွေ ချမှတ်ထားပြီး PGMF လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုလည်း အသေးစားချေးငွေအသစ်တွေ ချမပေးဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသေးစားငွေချေး အဖွဲ့အစည်းတွေကို ပြည်ပကြွေးမြီ ပေးချေမှု ပြုလုပ်ခွင့် ပိတ်ထားတာကြောင့် ကုမ္ပဏီရဲ့ မြီရှင်တွေကို ပြန်လည်ပေးဆပ်ခွင့်က မြန်မာအာဏာပိုင်တွေ အပေါ်မှာ မူတည်နေတယ်လို့လည်း အဲဒီလုပ်ငန်းက ဆိုပါတယ်။

PGMF အဖွဲ့အစည်းရဲ့ အကြီးပိုင်းခေါင်းဆောင်တွေရဲ့ ဗီဇာတွေကို ပယ်ချခံခဲ့ရပြီး နိုင်ငံခြား ငွေလဲလှယ်မှုကိုလည်း တင်းကျပ်စွာ ချုပ်ကိုင်ထားတာကြောင့် PGMF မြီရှင်တွေကို အတိုးနှုန်းပေးဖို့ အပါအဝင် ပြင်ပ ငွေအဝင်အထွက်တွေကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပိတ်ပင်ခံခဲ့ရတယ်လို့လည်း PGMF က ပြောကြားထားပါတယ်။

PGMF ရဲ့ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဖာမစ်ဒ် ဘူအီယာက “ဒီ ခက်ခဲတဲ့အခြေအနေတွေကြားမှာ ကျနော်တို့ရဲ့ ဦးစားပေးကတော့ PGMF ရဲ့ ပိုင်ဆိုင်မှုတွေဟာ မြန်မာပြည်သူတွေဖြစ်တဲ့ ငွေချေးယူသူတွေရဲ့ လက်ထဲရောက်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဖို့ပါပဲ။ ကျနော်တို့ကို ပံ့ပိုးအားပေးခဲ့တဲ့ ကျနော်တို့ရဲ့ ဖောက်သည်တွေ၊ လုပ်ငန်းဘက်တွေ၊ ငွေချေးပေးသူတွေနဲ့ အလုပ်ကြိုးစားတဲ့ PGMF ရဲ့ ဝန်ထမ်းတွေကို အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှုကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အခြေအနေတွေ ကောင်းမွန်လာတာနဲ့ ပြန်လည်ဝင်ရောက်လာဖို့ အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။

PGMF ဟာ မြန်မာနိုင်ငံက ရွာပေါင်း ၁၅,၀၀၀ နီးပါးနဲ့ ဖောက်သည်ပေါင်း ၂ ဒသမ ၃ သန်းအတွက် ၂၅ နှစ်တိုင် ဝန်ဆောင်မှုပေးခဲ့ပြီး ၉၉ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။

PGMF ရဲ့ ချေးငွေဝန်ဆောင်မှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ထောင်စု ၁၀ စုမှာ ၁ စုနှုန်း လက်လှမ်းမီစေခဲ့ပြီး အမျိုးသမီးဖောက်သည်တွေ များပြားမှုက ကျားမတန်းတူညီမျှမှုနဲ့ နိုင်ငံတွင်း ဆင်းရဲမှုလျှော့ချရေးတို့မှာ အထောက်အပံ့ဖြစ်စေခဲ့တယ်လို့  ဆိုပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတဦးက “ကိုယ်တွေလို အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေအတွက် တကယ်နစ်နာတယ်။ ချေးငွေ/စုငွေလေးနဲ့ အဆင်ကိုပြေခဲ့တာ၊ ဒီတခါပြီးရင် ထပ်ယူပြီး လုပ်ငန်းချဲ့ဖို့တောင် စဉ်းစားနေသေးတာ။ အခုလို ပိတ်သွားတော့ စိတ်မကောင်းဘူး။ ပုံမှန်လူတန်းစားတွေအတွက် တကယ်ကိုအဆင်ပြေတဲ့ Fund တခုပါ” လို့ ပြောပါတယ်။

အဆိုပါလုပ်ငန်းအနေနဲ့ အသင်းသားတဦးချင်းစီရဲ့ စုဆောင်းငွေလက်ကျန်ကို ချေးငွေလက်ကျန်နဲ့ ခုနှိမ်သွားမှာဖြစ်ပြီး ခုနှိမ်ပြီးနောက် ကျန်ရှိနေသေးတဲ့ ချေးငွေလက်ကျန်တွေကိုတော့ ကောက်ခံခြင်းမပြုတော့ဘဲ လျှော်ပေးမယ်လို့ အသိပေး ထုတ်ပြန်ထားတာပါ။ စုဆောင်းငွေပမာဏက ချေးငွေလက်ကျန်ပမာဏထက် ပိုများနေတဲ့ အသင်းသားတွေကိုတော့ စုဆောင်းငွေ ပြန်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အသင်းသားတွေရဲ့ ချေးငွေတွေကို မယူဘဲ လျှော်ပစ်လိုက်ပြီဆိုတဲ့အကြောင်း အရာရှိတွေနဲ့ မန်နေဂျာတွေဟာ အသင်းသားတွေကို လူချင်းတွေ့ဆုံပြီးဖြစ်ဖြစ်၊ လူမှုကွန်ရက်ကနေဖြစ်ဖြစ်၊ ပြည်တွင်းသတင်းစာမှာ ကြေညာပြီးတော့ဖြစ်ဖြစ် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကိုသုံးပြီး ဇွန် ၃၀ ရက်မတိုင်ခင် အသိပေးဖို့ကိုလည်း ညွှန်ကြားထားပါတယ်။PGMF ဟာ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝန်ထမ်း ၄,၀၀၀ ကျော်ရှိသလို ၂၀၂၀ ခုနှစ်က စာရင်းအရ မြန်မာနိုင်ငံထဲမှာ ယူရို ၁၀ သန်းကျော် ထုတ်ချေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013