
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းပန်တဲ့ အမျိုးသမီး ၁၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပန်းသပိတ်မှာ ပါဝင်တယ်လို့ဆိုကာ အမျိုးသမီး ၃၀ ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လှစ်ထားပြီး အမျိုးသမီး ၁၂ ယောက်ကို မြောင်းမြရဲစခန်းမှာ ဖမ်းဆီးထားကာ ကျန်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
မြောင်းမြမြို့ခံ အမျိုးသားတဦးက "ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မနက်က အားကစားလုပ်ရင်း အမျိုးသမီးတွေ ခေါင်းမှာ နှင်းဆီပန်း ပန်တယ်။ အားလုံးက ပိုက်ဆံရှိအသိုင်းအဝိုင်းကပဲ။ ဘယ်သူက သွားပြောလည်းမသိဘူး။ ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို အမှုဖွင့်ဖမ်းတယ်။ ဖမ်းခံရတာ ၁၂ ယောက်။ တချို့တွေလည်း ရှောင်နေကြပြီ"လို့ ပြောပါတယ်။
မြောင်းမြမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်းပန်ပြီး အားကစားပြုလုပ်ခဲ့တဲ့ အမျိုးသမီး ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဇွန် ၁၉ ညပိုင်းမှ စတင်ကာ တစ်ပါတ်အတွင်း လိုက်လံဖမ်းဆီးနေတာမှာ ၁၂ ဦး ဖမ်းမိထားတာဖြစ်ပါတယ်။
ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာ ပါဝင်လို့ စစ်ကောင်စီတပ်က ယခုအချိန်အထိ လိုက်လံ ဖမ်းဆီးတာတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာပြည်ဒေသအနှံ့မှာ မွေးနေ့ဆုတောင်းပွဲတွေနဲ့ ပန်းသပိတ်ဆင်နွှဲခဲ့ကြရာမှာ နိုင်ငံတဝန်း ပန်းပန်သူတွေ၊ ပန်းဝယ်သူတွေနဲ့ ပန်းရောင်းသူတွေ အနည်းဆုံး ၁၀၀ ကျော်လောက် ဖမ်းဆီးခံရတာဖြစ်ပါတယ်။










