
ထိုင်းနိင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ကော့သောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦး နဲ့ ထိုင်းလူမျိုးပွဲစား ၁ ဦးတို့အား ရနောင်း-ဘန်ကောက်ကားလမ်းမပေါ်မှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းနိင်ငံအခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၃ ရက်နေ့ ည ၉ နာရီအချိန်လောက်က ထိုင်းနိုင်ငံအခြေစိုက်အမှတ် ၂၅ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တချို့နဲ့ တာဝန်ရှိသူတချို့ ပူးပေါင်းပြီး ရနောင်း-ဘန်ကောက်ကားလမ်းမပေါ်မှာ ဖြတ်သွားဖြတ် လာယာဥ်တွေကို စစ်ဆေးခဲ့ရာ မှန်လုံယာဥ် ၁ စီးပေါ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၆ ဦးနဲ့ ထိုင်းလူမျိုးပွဲစား၁ဦးတို့ကို တွေ့ရှိတာကြောင့် တာဝန်ရှိသူတွေက စာရွက်စာတမ်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။
စစ်ဆေးဆောင်ရွက်ချက်အရ မြန်မာနိုင်ငံသား ၆ ဦးဟာ ထိုင်းနိင်ငံမှာအလုပ်လုပ်ဖို့အတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ပြုလုပ်ခဲ့ပြီး ကော့သောင်းကနေ ရနောင်းဘက် ရောက်လာခဲ့ပြီးတော့ ရနောင်းမြို့ကတဆင့် စမွတ်ပရာကန်မြို့ကို သွားရောက်မှာဖြစ်ကာ ပွဲစားအမျိုးသမီးကနေ ကားလက်မှတ်ဖြတ်ပေးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသား ပွဲစားအမျိုးသမီး ၁ ဦး အပါအဝင် မြန်မာလုပ်သမားအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့အား ထိုင်းဥပဒေအရအရေးယူဆောင်ရွက်ဖို့ ပတ်ချန်းရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။










