
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဇွန် ၂၃ ရက် ဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီက NUG၊ NLD ကို အပုပ်ချတဲ့ လက်ကမ်းစာတွေ ပြည်သူကြား လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက အခုလို ပြုလုပ်တာဟာ ပြည်သူနဲ့တော်လှန်ရေးကြားမှာ သွေးခွဲအောင် ပြုလုပ်တာလို့ ဒေသခံတဦးက ပြောပါတယ်။
“မနက်ခင်း လူစည်ကားရာလမ်းစုံတွေကနေ စာရွက်တွေဝေနေတာ။ သူတို့ ဘယ်လို ဝေနေ ဝေနေ ပြည်သူက သူတို့ဝေတဲ့ စာတွေကို ဖတ်တောင်မကြည့်ဘူး။ ဝေရင်ယူတယ်၊ သူတို့နဲ့ဝေးတဲ့နေရာ ရောက်ရင် ပစ်ထားခဲ့ကြတာ။ သူတို့ရေးတဲ့စာနဲ့ အပြင်မှာဖြစ်နေတာနဲ့က တခြားစီဖြစ်နေတယ်လေဗျာ။ ရွာတွေကိုမီးရှို့၊ လူတွေကိုသတ်တာတွေ လုပ်နေတာက စစ် (-) တွေလေ။ အခုလည်းကြည့်ဗျာ ညောင်ပင်ကြီးရွာကို ဘယ်ကောင်တွေမီးရှို့တာလဲ၊ ပြည်သူကို ဘယ်ကောင်က အနိုင်ကျင့်တာလဲ၊ ပြည်သူက အကုန်သိပြီးသား။ (-) တွေက ပြည်သူကို လိမ်ချင်နေသေးတာ” လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီက လက်ကမ်းစာစောင်တွေကို ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်းနဲ့ လူစည်ကားရာ ဈေးအနီးတွေမှာ ဝေငှနေတာလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်း နိုင်ငံရေးသမား ကိုစိုးဝင်းဆွေကတော့ စစ်ကောင်စီက အခုလို လက်ကမ်းစာတွေ ပြည်သူကြား လိုက်လံဖြန့်ဝေတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အပုပ်ချတဲ့ နည်းလမ်းတမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
“တော်လှန်ရေးက ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲမဟုတ်ဘူးဗျ၊ အနီ-အစိမ်းပြသနာသာဖြစ်တယ်ဆိုပြီး အထူးသဖြင့် တိုင်းရင်းသားအင်အားစုတွေ ဝေဝါးသွားအောင် တစိုက်မတ်မတ်ပုံဖော်နေတယ်ဆိုတာ ပြည်သူတွေ သတိထားဖို့လိုတယ်ဗျ။ စစ်ကောင်စီကတော့ ပြည်သူအပေါ် သူတို့အနိုင်ရဖို့ မတရားတဲ့နည်းလမ်းတွေနဲ့ လုပ်လာတာဖြစ်တယ်။”
စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်မှာ အခုလို လက်ကမ်းစာစောင်ဝေငှတာတွေ ပြုလုပ်ရုံတင်မက စီးပွားရေးသမား အများစုကိုလည်း PDF နဲ့ ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတာကြောင့် စီးပွားရေးသမားအချို့ဟာ မုံရွာမြို့ကနေ ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။










