မကွေးတိုင်း၊ မင်းဘူးမြို့၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေတပင်ကျေးရွာက မှုခင်းသတင်းထောက် အမျိုးသားတဦး ဇွန် ၂၁ ရက် ည ၁၀ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
နယ်ခံ ကိုထွန်းထွန်းမြင့်က “ဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက် အိမ်ထဲဝင်ပစ်သွားတာ။ အသံကြားမှ သွားကြည့်တော့ သေနေပြီ။ တရားခံတွေကိုလည်း မမိလိုက်ဘူး။ လုံခြုံရေးကိုပဲ အကြောင်းကြားလိုက်တာ။ သူတို့ပဲ သယ်သွားပြီး ဒီနေ့မနက်မှာ အလောင်းကို ပြန်ပို့ပေးပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆိုင်ကယ်စီးလူငယ်နှစ်ယောက်က သေနတ်အတိုနဲ့ မှုခင်းသတင်းထောက် ဦးမင်းသူလှိုင်ကို နေအိမ်မှာပဲ ပစ်ခတ်ခဲ့လို့ ရင်ဘတ်၊ လည်ပင်း၊ ဝဲဘက်ပေါင်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။
ဦးမင်းသူလှိုင် (အသက် ၄၂) နှစ်ရဲ့ ရုပ်အလောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မင်းဘူးမြို့နယ် ဆေးရုံကြီး ရင်ခွဲရုံကို သယ်ဆောင်သွားပြီး ဇွန် ၂၂ ရက်မှာ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးချိန်မှာ သေဆုံးသူ ရုပ်အလောင်းအနီးက ၉ မမ ပစ္စတိုကျည်ခွံ ၉ ခု တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
မှုခင်းသတင်းထောက်တွေဟာ အစိုးရအဆက်ဆက် နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ငန်းရှင်တွေနဲ့ လောင်းကစားသမားတွေထံက ငွေညှစ်၊ ဆက်ကြေးကောက်ခံတာတွေ ရှိတဲ့အတွက် အခုလို လုပ်ကြံခံရတာဖြစ်နိုင်ကြောင်း နယ်ခံတွေက ပြောဆိုနေပေမဲ့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီ အာဏာသိမ်းအပြီး မှုခင်းသတင်းထောက် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ လက်နက်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။