
မြန်မာပြည်တွင်း ဆန်စျေးကွက်တည်ငြိမ်ရေး ဆောင်ရွက်နိုင်ဖို့ စစ်ကောင်စီက ပြည်တွင်း ဆန်စပါးသိုလှောင်မှု အခြေအနေတွေကို အသေးစိတ် စာရင်းကောက်ယူနိုင်ရေး ကြိုးပမ်းနေပါတယ်။
စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတို့မှာ ဆန်စပါးသိုလှောင်မှု အခြေအနေတွေကို အခု ဇွန်လနဲ့ ဇူလိုင်လအတွင်း စတင်စာရင်းကောက်ခံသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့ကြောင့် စပါးတင်း ၅,၀၀၀ သို့မဟုတ် ဆန်တန်ချန် ၅၀ အထက် သိုလှောင်ရုံတွေအနေနဲ့ ဆန်စပါးသိုလှောင်မှု အခြေအနေကို မှန်ကန်စွာ ဖြည့်သွင်းထားတဲ့ သိုလှောင်ရုံ မှတ်ပုံတင်လျှောက်လွှာကို ဇွန် ၂၆ ရက် နောက်ဆုံးထားပြီး ပေးပို့တင်ပြရမယ်လို့ အသင်းချုပ်က အသိပေး ထုတ်ပြန်ထားတာပါ။
မှတ်ပုံတင်လျှောက်ရာမှာ သိုလှောင်ရုံတည်နေရာ မှန်ကန်ကြောင်း သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရဲ့ ထောက်ခံချက် ပူးတွဲတင်ပြရမှာဖြစ်ပြီး စက်မှုဇုန်တွေ အတွင်းက သိုလှောင်ရုံဖြစ်ပါက ဇုန်တာဝန်ရှိသူရဲ့ ထောက်ခံချက် ပူးတွဲတင်ပြရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဆန်သိုလှောင်ရုံတွေ အနေနဲ့ ကုန်အဝင်အထွက်နဲ့ လက်ကျန်စာရင်းကို အပတ်စဉ်၊ လစဉ် စာရင်းပြုစုထားရမှာဖြစ်ပြီး ကုမ္ပဏီတွေကို ရောင်းချပေးနေတဲ့ ဆန်စက်၊ ဆန်ကုန်သည်တွေ နယ်မှာသိုလှောင်ထားရှိတဲ့ အခြေအနေတွေကိုပါ အချက်အလက် တောင်းခံ ဖြည့်သွင်းတင်ပြရမယ်လို့လည်း အသင်းချုပ်က ညွှန်ကြားထားပါတယ်။
ဆန် လက်ကားရောင်းချသူတဦးက “အမျိုးအစားရော ပမာဏပါ အတိအကျ စာရင်းတင်ခိုင်းတာ။ ကုန်အဝင်အထွက်ကိုလည်း လစဉ် စာရင်းတင်ရမယ်ဆိုတော့ လွတ်လွတ်လပ်လပ် ရောင်းချခွင့် မရှိတော့ဘူးပေါ့။ အဓိကက ဆန်စျေးတက်နေလို့ သယ်သူစျေးကစားသလဲ၊ သိုလှောင်သလဲ သိချင်လို့ လုပ်ကြတာ” လို့ ပြောပါတယ်။
သိုလှောင်ရုံတွေ ကွင်းဆင်းစစ်ဆေး အတည်ပြုမှုကို စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး ဆန်စပါးသိုလှောင်မှု စာရင်းကောက်ခံတာကို စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ သင့်တင့်မျှတပြီး တည်ငြိမ်တဲ့ ဆန်စျေးကွက်နဲ့ စျေးနှုန်းတွေ ဖြစ်ပေါ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လတ်တလော ပြည်တွင်းဆန်စျေးကတော့ သွင်းအားစုနဲ့ အထွေထွေစရိတ်တွေအပြင် သယ်ယူစရိတ်တွေပါ မြင့်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ထက် ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
အဲဒီလို ပြည်တွင်းဆန်စျေး မြင့်တက်နေတာကြောင့် ပြည်ပဝယ်စျေးနဲ့ တွက်ခြေမကိုက်ဖြစ်ပြီး နယ်စပ်ကုန်သည်တချို့ အခက်တွေ့နေသလို ဝင်ငွေနည်း အခြေခံပြည်သူတွေမှာ အခက်ကြုံနေရပါတယ်။











