DVB Logo
Home
မြန်မာသတင်း
တွံတေး ပြောက်ကျားအဖွဲ့ဝင် ၆ ဦးအပေါ် စစ်ကောင်စီစွပ်စွဲချက် မဟုတ်မှန်ကြောင်း PDF တုံ့ပြန်
DVB
·
June 21, 2023
တွံတေး ပြောက်ကျားအဖွဲ့ဝင် ၆ ဦးအပေါ် စစ်ကောင်စီစွပ်စွဲချက် မဟုတ်မှန်ကြောင်း PDF တုံ့ပြန်
Donate to DVB

မြတ်မောင်ရွှေဆိုင် ဓားပြမှုနဲ့ပတ်သက်လို့  စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ 

ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ ဟိုတယ်အခန်းတခုနဲ့ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်နဲ့ ဧရာဝတီတိုင်း၊ မအူပင်တို့မှာ ဖမ်းဆီးခံထားရတဲ့ လူ ၉ ဦးထဲက ၆ ဦးဟာ တွံတေးမြို့ပြပြောက်ကျား အဖွဲ့ဝင်တွေဖြစ်ပြီး မြတ်မောင် ရွှေဆိုင်အမှု အပါအဝင် ဓားပြမှု ၃ မှု၊ လူသတ်မှု ၁၀ မှု ကျူးလွန်ခဲ့တယ်လို့ ဇွန် ၂၀ ရက် ညပိုင်းမှာ စစ်ကောင်စီဘက်က စွပ်စွဲ သတင်းထုတ်ပြန်ခဲ့တာပါ

စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမျိုးသား ၆ ဦးမှာ အသက် ၂၀ ဝန်းကျင်ရှိ လူငယ်တွေဖြစ်ကြပြီး ဖြိုးကိုကို၊ ကိုကိုအောင်၊ ကောင်းမြတ်၊ ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်၊ ကောင်းထက်စံတို့ ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အဲဒီ ၉ ဦးကို ကျနော်တို့ မြင်တောင်မမြင်ဖူးဘူး။ ပြီးတော့ လက်နက်တွေကလည်း M4 တွေရော၊ M16 တွေရော မဖြစ်နိုင်ဘူး။ တွံတေးလို့ဆိုပေမဲ့လည်း ဓားပြတိုက်မှုဟာ PDF ဆိုတာ လက်မခံပါဘူး။ တွံတေးကလည်း သူ့စုဖွဲ့မှုနဲ့သူ ရှိပြီးသားပါ။ ဓားပြတိုက်မှုဟာ PDF ဆိုတာ လုံးဝလက်မခံပါဘူး။ ကျနော်တို့ PDF တွေဟာ ပြည်သူကို ဘယ်တော့မှ ဒုက္ခမပေးဘူးဆိုတာ မနက်တန်းစီတိုင်း သီဆိုရတဲ့ အချက်၄ ချက်ထဲမှာ ပါပြီးသားပါ” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် မတ်လက တွံတေးမြို့နယ်မှာ စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၄ ဦး ပစ်ခတ်ခံရမှု၊ ဩဂုတ်လအတွင်း အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် လူ ၈ ဦး ပစ်ခတ်ခံရမှု၊ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ဇနီး အပါအဝင် လူ ၁၀ ဦး ပစ်ခတ်ခံရမှုတို့ ပါဝင်ပါတယ်။

တွံတေးမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ဓားပြမှု၊ မတ် ၄ ရက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီး သေနတ်ပစ်ခံရမှု၊ ဧပြီ ၁၀ ရက်က ဓားပြမှုနဲ့ ဇွန် ၁၈ ရက်က ရန်ကုန်၊ မြောက်ဥက္ကလာပက မြတ်မောင်ရွှေဆိုင် ဓားပြမှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Twantay Royal Defense Force -TRDF ဟာ ၂၀၂၃ ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက မြို့ပြကနေ ဆုတ်ခွာပြီး တိုင်းရင်းသားဒေသတွေမှာ တော်လှန်ရေးတာဝန် ထမ်းဆောင်သွားမယ်လို့ ကြေညာထားတာပါ။

၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်က TRDF ကနေ တွံတေးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖကို တရားဝင်ပေးပို့တဲ့ စာထုတ်ပြန်ချက် ဒုတိယအပိုဒ်မှာ အခုလို ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

“၇၊ ၂၊ ၂၀၂၃ ရက်နေ့ ည ၉း၀၀ နာရီခန့်တွင် တွံတေးမြို့၊ ကရင်ချောင်းကျေးရွာအုပ်စု၊ ကဘင်ကြီးကျေးရွာနေ ဦးအောင်မောင်း၏နေအိမ်အား သေနတ်အတိုအရှည် ကိုင်ဆောင်ထားသူ အကြမ်းဖက်စစ်ကောင်စီ၏ ကြည်းတပ်ယူနီဖောင်းဝတ် ၆ ဦးမှ ဧည့်စာရင်းစစ်မည်ဟုဆိုကာ ကာလတန်ဖိုး သိန်း ၁၈၀ ကျော်ခန့်ရှိသော ငွေသားနှင့် ရွှေလက်ဝတ်ရတနာများအား ဓားပြတိုက်ယူဆောင်၍ ကင်းစောင့်နေရသူ မစမ်းပပအောင်အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်” လို့ ပါရှိပါတယ်။

ဓားပြတိုက်မှုဟာ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ YUA အဖွဲ့ရဲ့ God's Hand Force တပ်ခွဲ ၆ မြေပြင်တာဝန်ခံတဦးက “စဝင်လာတဲ့ အချိန်မှာတည်းက သေနတ်ကို ပေါ်တင်ကိုင်ပြီး ဝင်လာတယ်။ သေနတ်ပစ်ဖောက်သံတွေ ကြားနေတာကို အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ လုံခြုံရေးတွေ စကစတွေက ဘာလို့ ရောက်မလာတာလဲ။ ပြီးတော့ ပြန်ထွက်လာတဲ့အချိန်မှာ သူတို့ဆိုင်ကယ်ပေါ်တက်ခါနီး ဟိုလုပ်ဒီလုပ်လုပ်နေတာ စက္ကန့် ၃၀ လောက်ရှိတယ်။ အဲအချိန် ကားပေါ်ကရှိတဲ့တဖွဲ့က ဘာလို့ ဆင်းပစ်ပြီး မဖမ်းတာလဲ။ အဲ့ဒီတော့ ကျနော့်အမြင်ရ ပြောရမယ်ဆိုရင် အရမ်းရိုးရှင်းပါတယ်။ UG တွေကို နာမည်ဖျက်ချင်လို့ သူတို့ဘာသာ ဇာတ်လမ်းဆင် ဓားပြတိုက် အခြားဖမ်းမိထားတဲ့ ရဲဘော်တွေကို ခေါင်းစဉ်တပ်ပြီး ပစ္စည်း သူတို့ယူမှာပေါ့” လို့ ပြောပါတယ်။

ဇွန် ၁၈ ရက်‌ ညနေပိုင်းက မြတ်မောင်ရွှေဆိုင် ဓားပြမှုရဲ့ CCTV မှတ်တမ်းမှာ ဓားပြ ၃ ဦးက မှန်ကောင်တာကို တူနဲ့ရိုက်ခွဲကာ ရွှေထည်ပစ္စည်း သိန်း ၁၆,၆၀၀ ဖိုးကို လုယူသွားတာကို တွေ့ရပြီး အပြင်ဘက်အရောက်မှာ ဆိုင်လုံခြုံရေး ၂ ဦးကို သေနတ်ပစ်ခတ်ခဲ့တဲ့အပြင် ဆိုင်ရှေ့ရပ်ထားတဲ့ အိမ်ကားတစီးကိုပါ ပစ်ခတ်တာတွေ့ရပြီး အဆိုပါကားက လူ ၂ ဦးက ပြန်ပစ်ခတ်တာကို တွေ့ရပါတယ်။

မြတ်မောင်ရွှေဆိုင်နဲ့ နီးစပ်သူတဦးက “ဆိုင်ကယ်နဲ့ ၃ ယောက်လာတာ၊ ၂ ယောက်က ဆိုင်ထဲဝင်ပြီး လုတာ။ သူတို့ပြန်ထွက်တော့ ဆိုင်က လုံခြုံရေး ၂ ယောက်ကို ပစ်သွားတယ်။ ခြေထောက်နဲ့ လက်ဖျံ ထိသွားတယ်။ ဆိုင်အရှေ့ကကားကို ပစ်တာတော့ မသိလိုက်ဘူး။ ရုန့်ရင်းဆန်ခတ်ဖြစ်နေတော့ အန္တရာယ်မရှိတဲ့နေရာကို ပုန်းရှောင်နေရလို့ မသိလိုက်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဓားပြမှု၊ လူသတ်မှုတွေနဲ့ စွပ်စွဲထုတ်ပြန်ထားတဲ့ လူငယ် ၆ ဦးထဲက လူငယ် ၅ ဦးဟာ ဝေဘာဂီမြို့သစ်၊ ၂ ရပ်ကွက်နဲ့ ၅ ရပ်ကွက်တို့မှာ ဇွန် ၁၈ ရက် ညပိုင်းက ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးခံခဲ့ရ‌သူတွေဖြစ်ပြီး ၁ ဦးက ဗဟန်းမြို့နယ်က ဟိုတယ်မှာ တည်းခိုနေချိန် စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဝေဘာဂီမြို့သစ်က ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေ ပြောပြချက်အရ ဖမ်းဆီးခံ လူငယ်တွေဟာ ရန်ကုန်မြို့ထဲမှာ ဝန်ထမ်းလုပ်ကိုင်နေသူတွေဖြစ်ပြီး တနင်္ဂနွေ‌နေ့က အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ငှားနေကြတဲ့အိမ်မှာ နေထိုင်ချိန် ညပိုင်းမှာ စစ်တပ်က ဖမ်းသွားတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013