DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်၊ ထားဝယ်-ထီးခီးလမ်း၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
June 20, 2023
တနင်္သာရီတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်၊ ထားဝယ်-ထီးခီးလမ်း၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ၃ ရက်ဆက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံက ပြောပါတယ်။

ဇွန် ၁၇ ရက် မနက်မှာ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို သမီးလှကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁၈ ရက်ကလည်း တောလမ်းအတိုင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ကို ကျွဲထိန်းကုန်း ကျေးရွာနားအရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါသေးတယ်။ 

ဒေသခံပြည်သူတဦးက "မနေ့ကထိတော့ တိုက်ပွဲပြင်းထန်ခဲ့တယ်။ တိုက်ပွဲကြောင့် ထိခိုက်တဲ့ ပြည်သူ ၁ ဦးလည်း ဆေးရုံတင်ထားရတယ်" လို့ ပြောပါတယ်။

ဇွန် ၁၉ ရက်မနက်ကလည်း ကော်တောကျေးရွာနားမှာ အပြန်အလှန်ပစ်ခတ်မှူဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "စစ်ကောင်စီတပ်က ကော်တောရွာအဝနားထိကို စစ်ကြောင်း ထိုးတက်လာတယ်။ အခြေအနေကိုတော့ ထိန်းထားတုန်းပဲ။ လက်နက်ကြီး‌တွေ ဆက်တိုက်ပစ်တာ။ စစ်ကြောင်းတက်လာရင်း နဲ့ လက်နက်ကြီးတွေပစ်တာ" လို့ ပြောပါတယ်။

ဇွန် ၁၇ ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံးများခဲ့ပြီး လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့‌ အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲကို ကော်သူလေးတပ်၊ တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအဖွဲ့၊ ခွပ်ဒေါက်းတမန်အတူးစစ်ကြောင်း၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ မြိတ်ပကဖနဲ့ တောပုန်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တနင်္သာရီမြို့နယ် ကျေးရွာ ၁ဝ ရွာကျော်က ပြည်သူအ များအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဇွန် ၁၆ ရက် ညနေကလည်း ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပကာရီကျေးရွာအုပ်စု မဲချောင်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းငယ်တခုတို့ကို ထားဝယ်စုပေါင်းစစ်ကြောင်းနဲ့ ဥသြစစ်ကြောင်းက ပူးပေါင်းပြီး ၄၀ မမ၊ ၆၀ မမ ဗုံးသီး အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ကြိမ် သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၆ ရက်မှာ သင်္ကန်းတုံးရွာမှာ တညအိပ်ခဲ့ပြီး ဇွန် ၁၇ ရက်က ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်ခဲ့ပါတယ်။

ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်တာက ဇွန် ၁၆ ရက်မှာ သင်္ကန်းတုံးနဲ့ ဝကုန်းရွာအကြား တကြိမ်၊ သင်္ကန်းတုံးနဲ့ လိပ်ကြယ်ပြောင်ရွာအကြား တကြိမ်ဖြစ်ပြီး ဇွန် ၁၇ ရက်မှာက လမ်းတလျှောက်လုံးပဲ ညနေ ၄ နာရီလောက်ကနေ ည ၇ နာရီလောက်အထိ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်” လို့  ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၈ ရက်မှာ ကျောက်မဲတောင်ရွာကို ရောက်ရှိပြီး သေဆုံးနေတဲ့ စစ်သားအလောင်း ၇ လောင်းကို သုသာန်မှာ မီးရှို့တာနဲ့ ဒဏ်ရာရသူတွေကို ဆေးကုတာတွေ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိ ထားဝယ်အရှေ့တောဒေသမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီက နေအိမ်တွေကို မီးရှို့တာနဲ့ ရပ်ရွာနေပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013