
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို အခု လကုန်ပိုင်းမှာ စစ်ရေယာဉ်တွေနဲ့ သွားရောက်ခေါ်ယူမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ထိန်းသိမ်းရေးစခန်း ရောက်ရှိနေသူတွေကို ဩဂုတ်လကုန်ပိုင်းမှာ ပြန်လည်ခေါ်ယူဖို့ မလေးရှားအစိုးရနဲ့ ညှိနှိုင်းခဲ့ပေမဲ့ အဆိုပြုတဲ့ နေ့ရက်တွေကို လက်မခံဘဲ စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ လာရောက်ခေါ်ယူဖို့ ပြောဆိုခဲ့လို့ ဒီလကုန်ကျမှ သွားရောက်ခေါ်ယူမယ်လို့ ဆိုပါတယ်။
ထိန်းသိမ်းရေးစခန်းတွေမှာ ပြစ်ဒဏ်ကျခံခဲ့ပြီး ပြန်လည်ထွက်ခွာဖို့ အခက်အခဲဖြစ်နေတဲ့ နိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ယောက်ကို သွားရောက်ခေါ်ယူမှာဖြစ်သလို အခုခေါ်ယူမှုဟာ ဒုတိယ အကြိမ်မြောက် ခေါ်ယူတာလို့ သိရပါတယ်။
မလေးရှား ထိန်းသိမ်းရေးစခန်းကနေ မြန်မာနိုင်ငံသား ၁,၀၈၆ ယောက်ကို ၂၀၂၁ ခုနှစ်မှာ ပထမ အကြိမ် သွားရောက်ခေါ်ယူခဲ့ဖူးပါတယ်။
အခုလို ခေါ်ဆောင်ပြီးပါက အိမ်ပြန်ခွင့် ပေး၊ မပေးမှာ သံသယဖြစ်စရာ ရှိနေနေတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတယောက်က "ခေါ်လာပြီးတော့ စစ်မှုထမ်းထဲ မထည့်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါက စိုးရိမ်စရာကောင်းတဲ့ အချက်ပါပဲ။ ဆက်ပြီး စောင့်ကြည့်ရပါမယ်”လို့ ပြောပါတယ်။
စစ်မှုထမ်း အင်အားလိုအပ်ချက်နေတဲ့ စစ်အာဏာရှင်တပ်ဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး ပြန်လည် ပို့ဆောင်ခံရသူတချို့ကို စစ်တပ်အတွင်းသို့ ထည့်သွင်းခဲ့တာတွေရှိခဲ့ဖူးလို့ အခု အခြေအနေကို လည်း စိုးရိမ်နေကြတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။











