DVB Logo
Home
မြန်မာသတင်း
NLD ပါတီဝင် ၉၃ ဦးကို စစ်တပ်က သတ်ဖြတ်၊ အယောက် ၁၂၀၀ ကို ဖမ်းဆီးထား
DVB
·
June 14, 2023
NLD ပါတီဝင် ၉၃ ဦးကို စစ်တပ်က သတ်ဖြတ်၊ အယောက် ၁၂၀၀ ကို ဖမ်းဆီးထား
Donate to DVB

အာဏာသိမ်း ၂ နှစ်ခွဲနီးပါးကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၉၃ ဦးကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ်ခဲ့ပြီး အန်အယ်လ်ဒီ လွှတ်တော်အမတ် ၇၇ ဦးအပါအဝင် ပါတီဝင် ၁၂၀၀ ကို မတရားဖမ်းဆီးထားတယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ဇွန် ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့စည်းပေးထားတဲ့  လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ကောက်ယူရေးအဖွဲ့  (NLD-HRDT)  က စုစည်းထားတဲ့  မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ မေ ၃၁ ရက်အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့လို့  ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၃,၅၃၄ ယောက် ရှိခဲ့ပြီး ဒီအထဲက ၄၃၃၂ ယောက် ပြန်လည်လွတ်မြောက်လာကာ ၉,၂၀၂ ယောက်ထောင်ထဲမှာ ကျန်ရှိပါတယ်။ ဒီအထဲမှာ  လွှတ်တော်အမတ် ၇၇ ယောက်အပါအဝင် အန်အယ်ဒီ ပါတီဝင်အယောက် ၁,၂၀၀ ပါဝင်နေခဲ့တာပါ။

ဖမ်းဆီးထားစဉ်အတွင်းနဲ့ နိုင်ငံတဝန်း စစ်အုပ်စုရဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၈၁၈ ဦးရှိရာမှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၉၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ 

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ မဲစာရင်းမှားယွင်းတယ်ဆိုပြီး အကြောင်းပြကာ နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့ပြီး ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ သံဃာတော်တွေ၊ စာပေနဲ့အနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေကို ဘာအပြစ်မှမရှိဘဲ မတရားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ နေအိမ်တွေ အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း ၁,၂၆၇ ကြိမ်မှာတော့ အိုးအိမ်အဆောက် အဦးပေါင်း ၅၃,၃၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံတာကြောင့် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၂၅ ယောက်ထဲ လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ခဲ့ပြီး အန်အယ်လ်ဒီ ပါတီဝင် ၃၃၃ ယောက်တို့ရဲ့ ပိုင်ဆိုင်မှုတို့ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပါတီရုံးချုပ်အပါအဝင် အဆင့်ဆင့်သော ရုံးတွေကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာ၊ ပါတီပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်မှု ၁၅၄ ကြိမ် ရှိခဲ့ပြီးတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး ဒေသတွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ၈၆ ကြိမ် ပြုလုပ်ရာမှာတော့ အရပ်သားပြည်သူ ၃၉၄ ယောက် သေဆုံးခဲ့ပြီး ၁၅၄ ယောက် ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးနဲ့ စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံ တကာဥပဒေတွေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေကို အခုထက်ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးစေလိုတယ်လို့လည်း အန်အယ်လ်ဒီ ဗဟိုအလုပ်ကော်မတီက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃၃၂၃ ဦးရှိပြီး တချို့ပြန်လွတ်မြောက်လာကာ ဒီအထဲမှ ၁၈၉၈၇ ဦးမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲပဲလို့  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားပါတယ်။

မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၃၆၅၉ ဦး ရှိခဲ့ပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013