DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် နှစ်ပတ်အတွင်း အရပ်သား ၁၉ ဦး သတ်ဖြတ်ခံရ
DVB
·
June 12, 2023
မိုးဗြဲတွင် နှစ်ပတ်အတွင်း အရပ်သား ၁၉ ဦး သတ်ဖြတ်ခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ မေ ၂၇ ရက်ကစပြီး ဇွန် ၁၀ ရက်အထိ သီတင်း နှစ်ပတ်ကျော်တိုက်ပွဲတွေမှာ ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Karenni Voice ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သေဆုံးသွားတဲ့ အရပ်သားတွေဟာ စစ်ကောင်စီလက်နက်ကြီး၊ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုနဲ့ တိုက်ပွဲအတွင်း လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရတာတွေ ပါဝင်ကြောင်း သိရပါတယ်။

မိုးဗြဲဒေသခံတဦးက “ခု သေဆုံးသွားတဲ့ လူတွေက ငွေကြေးအရရော အခက်အခဲအမျိုးမျိုး မရှောင်နိုင်ဘဲ ကျန်ခဲ့တဲ့လူပေါ့နော်။ တိုက်ပွဲက ဒီလောက်ပြင်းမယ်၊ စစ်ကောင်စီက ဒီလိုရက်စက်မယ်လို့ သူတို့ မထင်ထားလို့ မရှောင်ကြဘူးပေါ့နော်။ တိုက်ပွဲပြင်းထန်တဲ့အချိန်မှာ ပြန်ရှောင်မယ် လုပ်တော့လည်း စစ်ကောင်စီက လမ်းပိတ်ထားတယ်။ အဲဒါတွေကြောင့် ခုဆို ပိတ်မိတဲ့လူ အများကြီးရှိသေးတယ်။ ဘုန်းကြီးကျောင်းတွေ စုပြီး နေနေကြတာ” လို့ ပြောပါတယ်။

မေ ၂၇ ရက်က စည်ကား ၃ ရပ်ကွက်အတွင်း လက်နက်ကြီးကြောင့် ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးပြီး မေ ၂၈ ရက်နေ့မှာ အသက် ၁၃ နှစ်အရွယ် မောင်နေအောင်နဲ့ သက်လတ်ပိုင်း အမျိုးသားတယောက်ဟာလည်း လက်နက်ကြီးကြောင့် သေဆုံးခဲ့ရကာ ထပ်မံပြီး မေ ၂၉ ရက်မှာလည်း လက်နက်ကြီးကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီနောက် ဇွန် ၃ ရက်မှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦး၊ ဇွန် ၅ ရက်မှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး၊ ဇွန် ၆ ရက်မှာ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးတို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ဇွန် ၆ ရက် ညနေပိုင်း ၃ နာရီမှာ အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဇွန် ၈ ရက်မှာ စစ်ကောင်စီတပ်က လမ်းပိတ်ထားတာကြောင့် မထွက်နိုင်ဘဲ တိုက်ပွဲအတွင်း ပိတ်မိနေခဲ့တဲ့ စည်ကား ၂ ရပ်ကွက်နေ အသက် ၃၀ ဝန်းကျင်နဲ့ အသက် ၁၅ နှစ်အရွယ် ညီအစ်ကိုနှစ်ဦးကို စစ်‌ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်လက်ပြီး ဇွန် ၉ ရက်က စည်ကား ၂ ရပ်ကွက်မှာ အသက် ၁၅ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် ညီအမနှစ်ဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ပြီး သူတို့ရဲ့ အဖေဖြစ်သူ ဦးအေးကိုကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဇွန် ၁၀ ရက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၆ လောင်း ထပ်တွေ့တယ်လို့ မိုးဗြဲ PDF က ပြောပါတယ်။ သေဆုံးတဲ့လူ များသလို မတရားအဖမ်းခံရတဲ့ အရပ်သားလည်း များစွာရှိကြောင်း သိရပါတယ်။

အခု မိုးဗြဲဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လမ်းပိတ်ထားတာကြောင့် ဒေသခံ ၁၀၀ ကျော် မထွက်နိုင်ကြဘဲ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စုပြီး ကြောက်လန့်စိတ် စိုးရိမ်စိတ်နဲ့ နေနေရကြောင်း သိရပါတယ်။

မိုးဗြဲဒေသမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မိမိလုံခြုံရေးကို အထူးဂရုပြုဖို့နဲ့ ခရီးသွား မိဘပြည်သူတွေအနေနဲ့ လွိုင်ကော်-ပင်လောင်းလမ်းကို သွားလာခြင်းမပြုဖို့လည်း မိုးဗြဲ PDF က ထုတ်ပြန် သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013