DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
DVB
·
June 12, 2023
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
1 / 2
Donate to DVB

လက်ရှိတော်လှန်ရေးကာလကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ကိုယ်ပိုင်စီမံအုပ်ချုပ်ရေးစနစ်ကို အစပျိုးလက်တွေ့အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၆ ဦးနဲ့ စတင်ဖွဲ့စည်းကြောင်း ဇွန်လ ၁၂ ရက် ဒီကနေ့  ကြေညာလိုက်ပါတယ်။

တော်လှန်ရေးကာလအတွင်းလိုအပ်နေတဲ့ ကရင်နီပြည်ရဲ့အုပ်ချုပ်ရေးကို ပြည်နယ် ကြားကာလအစီအမံနဲ့အညီ အကောင်အထည်ဖော်ဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ဘဝလုံခြုံရေးတွေ ပြန်လည်ဖြည့်ဆည်းပေးဖို့၊ ပြည်နယ် တရားဥပဒေ စိုးမိုးရေးနဲ့ အသွင်ကူးပြောင်းရေးကာလအစီအမံတွေဖော်ဆောင်ဖို့၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုဖြစ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌ အဖြစ် ခူးဦးရယ်၊ ဒု ဥက္ကဋ္ဌ ခွန်းဘီထူး၊  အထွေထွေအတွင်းရေးမှူး  ခူပလုရယ်၊  အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ၊ အတွင်းရေးမှူး (၂)- ဗညားခွန်အောင်နဲ့  ဘဏ္ဍာရေးမှူး  မော်ဖိုးမြာတို့က တာဝန်ယူမှာဖြစ်ပါတယ်။ 

ခူးဦးရယ်ဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ခွန်းဘီထူးကတော့ ကယန်းအမျိုးသားပါတီရဲ့ ဥက္ကဋ္ဌနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ 

ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူးဦးရယ်က “တခြားသော ညီအစ်ကို ပြည်နယ်များအနေနဲ့လည်း ကျနော်တို့ ကရင်နီပြည်ကဲ့သို့ပဲ အလုံးစုံ မပြည့်စုံနိုင်သေးပေမယ့် လက်ရှိ မိမိတို့ရဲ့ ပြည်နယ်အခင်းအကျင်းတွေအပေါ်မှာ အခြေခံပြီး အားကောင်းခိုင်မာတဲ့ အုပ်ချုပ်ရေးယန္တရား အခင်းအကျင်းတွေကို မိမိတို့လူထုအတွက် ကြိုးစားဖန်တီးရင်း အားကောင်းခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို စုပေါင်းခေါင်းဆောင်မှုနဲ့အတူ ဆက်လက်ပြီး အတူတကွ တည်ဆောက်သွားကြပါစို့ လို့လည်း ခွန်အားပေး တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ”လို့ သူ့ရဲ့ ဒီနေ့ မိန့်ခွန်းမှာ ပြောထားပါတယ်။

တော်လှန်ရေးကြီးတစုံလုံးရဲ့လုပ်ငန်းစဉ်တွေ အပြီးမသတ်နိုင်ကြသေးပေမဲ့ ပြည်သူတွေရဲ့ ပေါင်းစည်းမှုကြောင့် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တခုအဖြစ် အနာဂတ် သမိုင်းသစ်ကို အတူတကွပြန်လည်တည်ဆောက်ခွင့် ရကြပြီလို့လည်း  ခူးဦးရယ်က ပြောပါတယ်။

ကရင်နီပြည်ထဲက တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လူငယ်၊ အမျိုးသမီးနဲ့ သပိတ်အင်အားစုတွေပါဝင်တဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီကို ၂၀၂၁ ခုနှစ် ဧပြီမှာ စတင်ဖွဲ့စည်းခဲ့ပြီး အခု အုပ်ချုပ်ရေးကောင်စီ ဖြစ်လာစေမယ့် ကြားကာလအစီအမံကို ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ စုပေါင်းရေးဆွဲ အတည်ပြုနိုင်ခဲ့တာပါ။

ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်တွင်းပြည်ပ အင်အားစုတွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာဖြစ်သလို CRPH၊ NUCC၊ NUG တို့နဲ့လည်း အတူလက်တွဲသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကရင်နီပြည်အစိုးရသစ်ပေါ်ပေါက်လာတဲ့အချိန်မှာ ကြာကာလ အုပ်ချုပ်ရေး ကောင်စီကို သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ကာလသက်တမ်းနဲ့အညီ ရုပ်သိမ်းသွားမယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အခုလိုဖွဲ့စည်းလိုက်နိုင်တဲ့ အပေါ် ကြိုဆိုထောက်ခံတဲ့ အကြောင်း စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်ရေး နေကြတဲ့ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိ ကရင်နီ (ကယား) ပြည်နယ်ထဲမှာ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေ တခုပြီးတခု ကျရှုံးနေပြီး စစ်ကောင်စီအနေနဲ့ မြို့တော်လွိုင်ကော်မှာသာ အုပ်ချုပ်ရေး ယန္တရားရှိတော့တယ်လို့ ကရင်နီ တော်လှန်ရေးအဖွဲ့တွေက ကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013