DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့်ပြည်သူ ၁၁၀,၀၀၀ ကျော်ကို အမိုးအကာနှင့် လူမှုကယ်ဆယ်ရေးပစ္စည်းများ ကုလ ပံ့ပိုး
DVB
·
June 9, 2023
မိုခါမုန်တိုင်းသင့်ပြည်သူ ၁၁၀,၀၀၀ ကျော်ကို အမိုးအကာနှင့် လူမှုကယ်ဆယ်ရေးပစ္စည်းများ ကုလ ပံ့ပိုး
Donate to DVB

အင်အားပြင်း မိုခါမုန်တိုင်းသင့် မြန်မာပြည်သူ ၁၁၀,၀၀၀ ကျော်ကို အမိုးအကာနဲ့ တခြား လူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက ပြောပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာအကူအညီတွေကိုတော့ လူဦးရေ ၃၀၀,၀၀၀ နီးပါးဆီ ထောက်ပံ့နိုင်ခဲ့ပြီ ဖြစ်ပေမဲ့ လတ်တလော ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ကူညီနိုင်ခွင့် အခက်အခဲက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကူညီမှုလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေဟာ စားနပ်ရိက္ခာအကူအညီတွေ ရရှိထားပေမဲ့လည်း ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေကြောင့် အစားအစာ ဝယ်ယူနိုင်ဖို့ အခက်ကြုံနေကြရတဲ့အပြင် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ သွင်းအားစုတွေ ဆုံးရှုံးခြင်းကလည်း ကြီးထွားလာတဲ့ ပြဿနာတရပ် ဖြစ်လာနေတာပါ။

ကုလသမဂ္ဂ မိတ်ဘက်အဖွဲ့အစည်းတွေကတော့ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူတွေကို သီးနှံမျိုးစေ့မျိုးစုံ ဖြန့်ဖြူးပေးနေပေမဲ့လည်း ရခိုင်ပြည်နယ်မှာတော့ မုတ်သုံရာသီဝင်ရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ စားနပ်ရိက္ခာတွေ လုံလုံလောက်လောက် ရရှိနိုင်ဖို့နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အရင်းအမြစ်တွေ ရရှိနိုင်ဖို့ အချိန်နဲ့တပြေးညီ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

လတ်တလော ရခိုင်ပြည်နယ်ထဲမှာတော့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ အပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားလုံးကို သွားလာကူညီခွင့်တွေ စစ်ကောင်စီဘက်က ပိတ်ပင်ထားတယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှု ၉၅ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ များစွာရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမှာဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာကတော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013