DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ၊ ပုလောမြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တနင်္သာရီမြစ်အတွင်း လှေ ၁ စီးပစ်ခတ်ခံရ
DVB
·
June 6, 2023
တနင်္သာရီ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ၊ ပုလောမြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တနင်္သာရီမြစ်အတွင်း လှေ ၁ စီးပစ်ခတ်ခံရ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ နေရပ်မပြန်ရဲကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်က လယ်သစ်ကျေးရွာထဲကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးကာ ဒေသခံ တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

ဒေသခံတဦးက “ရွာမှာ ပြန်ဝင်နေလို့ မရဲကြသေးဘူး။ ဘယ်အချိန်ပြန်ပစ်မယ်ဆိုတာ မသိတော့၊ စစ်ရှောင်တွေတော့ အမျိုးတွေရှိတဲ့နေရာ ရွာအနီးနား ဥယျာဥ်တွေမှာ ရှောင်နေကြရတယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေ နီးစပ်ရာ ဥယျာဉ်ခြံတချို့နဲ့ တောတောင်ဒေသတချို့မှာ ထွက်ပြေး တိမ်းရှောင်နေကြရကာ လက်နက်ကြီး ထပ်မံပစ်ခတ်လာနိုင်တဲ့အတွက် ကျေးရွာထဲကို မပြန်ရဲကြသေးဘဲ ဆက်လက်တိမ်းရှောင် ခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လယ်သစ်စစ်ရှောင်ပြည်သူ တချို့မှာ ရာသီပေါ်တုပ်ကွေးရောဂါ ကူးစက်နေတဲ့အတွက် ဆေးဝါးအကူအညီ လိုအပ်လာပြီး စားနပ်ရိက္ခာတွေလည်း လိုအပ်လာတယ်လို့ သိရပါတယ်။

တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက “ရာသီပေါ်တုပ်ကွေးက စဖြစ်လာနေတော့ ဆေးဝါးတချို့တော့ လိုအပ်လာတယ်။ စားသောက်ဖို့အတွက်က ကျနော်တို့အဖွဲ့ကနေ ကူညီနေပေမဲ့ စစ်ရှောင်တွေက ထပ်နေရဦးမှာဆိုတော့ ဆန်၊ ဆီ၊ ဆားတွေ၊ ခေါက်ဆွဲခြောက်၊ မာမားခြောက်ထုပ်တွေ လိုအပ်ချက်တွေကတော့ ရှိလာပြီ” လို့ ပြောပါတယ်။

လက်ရှိ စစ်ရှောင်တွေအနေနဲ့ နေထိုင်ဖို့အတွက် တောထဲ တောင်ထဲက ဓနိခက်တွေနဲ့ အမိုးကာထားပြီး တဲထိုးနေထိုင်ကြတဲ့အတွက် လိုအပ်မှုတော့ သိပ်မရှိဘူးလို့လည်း ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူဦးရေ ၅,ဝဝဝ ခန့်ရှိပြီး မော်တုန်းအနောက်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို၊ လယ်သစ်၊ ညောင်ပင်ကုန်းကျေးရွာတွေ အပါအဝင် ကျေးရွာတချို့က အမြဲတမ်းစစ်ရှောင်တချို့လည်း ဖြစ်ကြတယ်လို့ ဒေါန တနင်္သာရီ စစ်ဘေးရှောင်ဦးရေ အထောက်အကူပြုအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာမှာ ဇွန် ၅ ရက် မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်ကနေပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်စန်းဝေရဲ့ ဦးခေါင်းမှာ ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးလာချတယ်။ ဗုံးချပြီးတဲ့နောက် လက်နက်ကြီးနဲ့ ၄၊ ၅ ချက်လောက် ပစ်ခတ်သေးတယ်။ ခလရ ၂၈၅ တပ်ရင်းက အနီးဆုံးဆိုတော့ အဲဒီကနေပစ်တာ ဖြစ်လောက်တယ်” လို့ ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးကလည်း “အခုလို ဒရုန်းနဲ့ တိုက်ခိုက်လာတဲ့ အပေါ်မှာတော့ အရင်ကဆို စကစဘက်က အရင်းအနှီးများတဲ့ ထိုးစစ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ လက်နက်အင်အား သာလွန်ပေမဲ့ လူအင်အားနည်းလာတဲ့အခါ ကျနော်တို့ကို အဝေးကနေ နှောင့်ယှက်ပစ်ခတ်တာတွေမျိုးကို ဦးစားပေးလုပ်လာတယ်လို့ မြင်တယ်။ အကြမ်းဖက်စစ်ကောင်စီဆိုတဲ့ နာမည်အတိုင်း ရွာထဲကို လက်နက်ကြီးနဲ့သော် လည်းကောင်း၊ ဒရုန်းနဲ့သော်လည်းကောင်း ပစ်ခတ်တိုက်ခိုက်မယ်ဆိုရင် အရပ်သားပြည်သူ ထိခိုက်မယ်ဆိုတာ သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ အခုလိုမျိုး တိုက်ခိုက်တာကတော့ စကစဟာ သူတို့ကို ဆန့်ကျင်သူမှန်သမျှ လက်နက်ကိုင်လား၊ လက်နက်မဲ့လား ခွဲခြားနေမှာမဟုတ်ဘဲ အကုန်ရှင်းပစ်မယ်ဆိုတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်းမြင်ရတယ်” လို့ ဒီဗွီကို ပြောပါတယ်။

ပုလောမြို့နယ်ထဲရှိ ကျေးရွာတွေထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ မကြာခဏ ရမ်းသန်းပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ မေ ၃၁ ရက် မနက် ၉ နာရီလောက်မှာလည်း စစ်ကောင်စီဘက်က ကျောင်းနိမ့်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ တနင်္သာရီမြစ်လက်တက်မှာ  လှေ ၁ စီးနဲ့ လာတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က ပစ်ခတ်ခဲ့လို့ လှေပေါ်ပါတဲ့ အမျိုးသား ‌‌၁ ယောက် သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

ဇွန် ၂ ရက် ညနေ့ ၃နာရီ ကျော်လောက်မှာ ညောင်ပင်ကုန်းကျေးရွာကနေ ကမ်းတိုကျေးရွာကို မောင်းနှင်လာတဲ့လှေငယ် ၁ စီးကို ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ တဦးက "တယောက်က သေနတ်ထိပြီး တခါတည်း ရေထဲကျသွားတာ။ ပွဲချင်းပီးသေ သွားတယ်။ ကျန်တဲ့ တယောက်က လှေနဲ့ဆိုတော့ လွတ်သွားတယ်။ ရေထဲကျသွားတဲ့ အလောင်းက နောက်တနေ့မှ ပြန်တွေ့ တယ်။ ခုတော့ သဂြိုလ်လိုက်ပါပြီ"လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃ဝ ကျော်ရှိ ကိုအောင်ကျော်ဆိုသူဖြစ်ပြီး အလောင်းကို ဇွန် ၃ ရက် မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပြီးတော့  ပြင်ဝန်းကျေးရွာမှာ သင်္ဂြိုဟ်လိုက်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013