ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ထဲကို အလုံးအရင်းစစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ဒေသခံကလေးတယောက်လည်း သေဆုံးခဲ့ပါတယ်။
အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်းပြီး ဒီနေ့ မနက်ကနေ ညနေအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ MBPDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက ဆိုပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၀ ယောက်သေဆုံးခဲ့ပြီး တချို့ဒဏ်ရာရခဲ့သလို ပူးပေါင်းအဖွဲ့ဘက်ကလည်း ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အောက် ယောက်ျားလေး တယောက် သေဆုံးသွားခဲ့ရပြီး အရပ်သားနေအိမ် ၂ လုံးလည်း မီးလောင်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ညကလည်း စစ်တပ်က မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ အရပ်သား ၂ ယောက် ဒဏ်ရာရခဲ့ပြီး ဇွန် ၃ ရက်နေ့ကတော့ အမျိုးသားတယောက် လက်နက်ကြီး ထိမှန်သေဆုံးသွားပါတယ်။
မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြား စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ အနီးတဝိုက် အသွားအလာ မပြုလုပ်ကြဖို့၊ ခရီးသွားတွေ အနေနဲ့ လွိုင်ကော်-ပင်လောင်း လမ်းမကြီးကို အသုံးမပြုကြသေးဖို့ကိုလည်း အသိသတိပေးထားပါတယ်။