DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းတွင် စစ်ဆေးရေးတင်းကျပ်၊ စက်သုံးဆီ တပိုင်တနိုင်သယ်သူများ အခက်ကြုံ
DVB
·
June 4, 2023
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းတွင် စစ်ဆေးရေးတင်းကျပ်၊ စက်သုံးဆီ တပိုင်တနိုင်သယ်သူများ အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမတလျှောက် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေး သိမ်းဆည်းမှုတွေကြောင့် စက်သုံးဆီ တပိုင်တနိုင် သယ်ယူသူတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ 

"ဆီလေးနဂါးပုံးနဲ့ ၁ ပုံး ၂ ပုံးဆို ဘယ်နှဂါလန်ရှိမှာလဲဗျာ။ အဲဒါသိမ်းလိုက်လို့ရော ဘာတွေ ထူးခြားသွားမှာလဲ။ ဆီစျေးက ကျတယ်ဆိုပေမယ့်  နည်းနည်းသက်သာရင်သက်သာဆိုပြီး လုပ်ရတာ"  လို့  ခရီးသွားတဦးက ပြောပါတယ်။

မြစ်ကြီးနား တနိုင်းလီဒိုလမ်းမကြီးတလျှောက် မြစ်ကြီးနားအထွက် ၂၁ မိုင်ဂိတ်၊ မရန်ကထောင်ဂိတ်၊ ဒွန်ဘန်ဂိတ်၊ ရှဒူးဇွပ် ပြည်သူ့စစ်ဂိတ်၊ တိန်ကောက်ဂိတ်၊ ၅ မိုင်ဂိတ်နဲ့ တနိုင်းစုပေါင်းဂိတ်တွေက နာမည်ကြီး စစ်ဆေးရေးဂိတ်တွေဖြစ်ပြီး ၂၁ မိုင်စုပေါင်းဂိတ်၊ မရန်ကထောင်ဂိတ်၊ ရှဒူးဇွပ်ပြည်သူ့စစ်ဂိတ်နဲ့ တနိုင်းစုပေါင်းဂိတ် ၄  နေရာကတော့ ကားကြီးကားသေးအကုန်လုံးကို စေ့စေ့စပ်စပ်စစ်ဆေးရှာဖွေပြီး စက်သုံးဆီတွေဆိုရင် သိမ်းဆည်းပစ်တယ်လို့ ဆိုပါတယ်။

ကားအသေးတွေ နဲ့ တနိုင်တပိုင်ဆီသယ်တဲ့သူတွေကို အလွတ်မပေဘဲ သိမ်းဆည်းနေပေမဲ့ ဆီပေပါ အလုံးရာချီ သယ်လာတဲ့ ၁၀ ဘီးကား၊ ၁၂ ကားကြီးတွေကတော့ သွားခွင့်ပြုနေပြီး  ဆီချပြီးအပြန်မှာလည်း ပေပါခွံတွေအောက်မှာ သစ်တွေတင်ပြီး ဒီဂိတ်တွေကို ဖြတ်သွားကြပေမယ့်  ဖမ်းဆီးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"မြစ်ကြီးနားလာရတာ စရိတ်ကြီးတယ်။ ပန်ဆောင်ဘက်က ဆင်းလာရင် ဆိုင်ကယ်ကို တနိုင်းမှာဖြစ်ဖြစ်၊ ရှင်ဗွေယာန်မှာဖြစ်ဖြစ် ထားခဲ့ရတယ်။ အပြန်ကျ ဓာတ်ဆီကို ရေသန့် ၁ လီတာဘူးလေးတွေနဲ့ထည့် ကျောပိုးအိတ်ထဲထည့်ယူရတယ်။ ပုံးနဲ့ဆို သိမ်းလိုက်တယ်" လို့  စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ ကချင်ပြည်နယ်ဘက်လာတဲ့ ပန်ဆောင်ဒေသခံတဦးက ပြောပါတယ်။

ကချင်ပြည်နယ်ဟာ သဘာဝသံယံဇာတတွေပေါများပြီး မြန်မာနိုင်ငံကို များစွာအထောက်အကူပြုပေမယ့် သယံဇာတထွက်တဲ့ ဖားကန့် တနိုင်းလမ်းတွေက  မိုးရာသီမှာ ရေကျော်လို့ ဖြတ်မရတာတွေ ရှိတဲ့အပြင်  လမ်းတွေကဆိုးဝါးလွန်းလို့ ကချင်ပြည်နယ်အတွင်း ကားခတွေဟာ ရန်ကုန်ထိ ခရီးဝေးတွေနဲ့ စျေးနှုန်းတူ စျေးနှုန်းပိုများတာမို့ ဆိုင်ကယ်ကို ရနိုင်သလောက် အသုံးပြုပြီး ကား နဲ့ ခရီးဆက်ကြရတာဖြစ်ပါတယ်။

“တနိုင်းထိ ကားခ လေးသောင်းဆိုရင် ရွှေမှော်ထဲထိ ဆိုင်ကယ်ခတွေက သိန်းချီပေးရတတ်သလို ရှင်ဘွေယာန်ကိုဆို ကားခ ၆ သောင်း၊ ပန်ဆောင်ထိဆို ကားခက နန်းယွန်းတမြို့ခံသေးတော့ နောက်ထပ် ၆ သောင်းလောက်ထပ်ကုန်ရတယ်။ ရွာဘက်ထိ ဆက်မယ်ဆိုရင်လည်း နောက်ထပ် ၅ သောင်းလောက်ကုန်ရမယ်။ အဲဒါကြောင့် ဆိုင်ကယ်ကို ရသလောက်စီးတယ်။ ဆီကို သိုသိုသိပ်သိပ်နဲ့ ခိုးသယ်မှ သက်သာတယ်။ ဒါပေမယ့် အဲလိုနည်းနည်းလေးတွေကို သိမ်းပစ်တော့ ဒုက္ခပိုရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ရန်ကုန်ထိ ကားခမှာ ကျပ် ၅၅,၀၀၀ သာ ကျသင့်ပြီး ကချင်ပြည်နယ်တွင်း ကားခတွေက ခရီးဆုံးထိဆိုရင် အနည်းဆုံး ၅ သောင်းကျပ်ကနေ သိန်းဂဏန်းကျော်၊ ပန်ဝါကားခက ကျပ် ၁၃၀,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကချင်ပြည်နယ်တွင်း ခရီးစဥ်တွေမှာ လမ်းတလျှောက် တွေ့သမျှ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကောက်ခံသမျှ ပေးနေရတဲ့အပြင် တိုက်ပွဲတွေကြောင့်လည်း ပြည်သူတွေ အန္တရာယ်ကြားထဲ ရှောင်တိမ်းသွားလာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013