DVB Logo
Home
Lead Story
အိန္ဒိယကျားထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ရာသီဥတု‌ပြောင်းလဲမှု
DVB
·
June 3, 2023
အိန္ဒိယကျားထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ရာသီဥတု‌ပြောင်းလဲမှု
Donate to DVB

အိန္ဒိယနိုင်ငံက ကျားထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေက ရာသီဥတု‌ပြောင်းလဲမှုကို ဘယ်လို ကူညီပေးနိုင်မှာလဲ။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကျားသတ္တဝါတွေကို ထိန်း‌သိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေကို ကြိုးပမ်းလုပ်ဆောင်လိုက်တာနဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖန်လုံအိမ်အာနိသင် ဖြစ်လာပြီး ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေ လေထုထဲမရောက်‌အောင် တားဆီးနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းတာကို လေ့လာမှုအသစ်တရပ်က တွေ့ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျားထိန်းသိမ်းရေး လုပ်ငန်းစဉ်အတွက် သစ်တောကာကွယ်ထိန်းသိမ်းရေးတွေ ပြုလုပ်ခဲ့တာကြောင့် ကာဗွန်မက်ထရစ်တန် ၁ သန်း ထုတ်လွှတ်မှုကို တားဆီးနိုင်ခဲ့တယ်လို့ မေလ ၃၀ ရက်ထုတ် Nature Ecology and Evolution စာတမ်းတခုမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကျားတွေရဲ့ အချိုးအစားအများဆုံးဖြစ်တဲ့ “Panthera Tigris” တွေဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်ကြပြီး ၂၀၀၅ ခုနှစ်မှာတော့ နိုင်ငံရဲ့ လျော့ပါးလာတဲ့ ကျားအရေအတွက်ကို ပြန်လည်တိုးပွား‌စေဖို့ အိန္ဒိယအမျိုးသားကျားထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ခဲ့ပြီး ကျားထိန်းသိမ်းရေး နယ်မြေအရေအတွက် အများအပြားကိုလည်း သတ်မှတ်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်မှာ ကျားအကောင်ရေ တိုးတက်လာတယ်လို့ သုတေသီတွေက ဆိုပါတယ်။

အဆိုပါနေရာတွေဟာ အရင်တည်းက သဘာဝထိန်းသိမ်းရေးနယ်မြေတွေ အနေနဲ့ သတ်မှတ်ထားပေမဲ့ ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အတွက် သစ်တောကာကွယ်ရေးကို ‌တိုးမြှင့် စောင့်ကြည့်‌တာနဲ့ သစ်တောကာကွယ်မှု ဥပဒေတွေကို လိုက်နာတာတွေကို ဖြစ်ပေါ်စေပါတယ်။

သစ်တောထွက်ပစ္စည်းထုတ်ယူမှုကို ထိန်းချုပ်ဖို့၊ သစ်တောပြုန်းတီးမှုကို လျှော့ချဖို့နဲ့ သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ ရပ်ရွာလူထုအတွက် ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို မြှင့်တင်ဖို့ ကျားထိန်းသိမ်းရေးလုပ်ငန်းစဉ်မှာ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

သုတေသီစာတမ်းတွေအရ ကျားထိန်းသိမ်းရေးနယ်မြေနဲ့ ကျားထိန်းသိမ်းရေးနယ်မြေ မဟုတ်တဲ့ သစ်တောတွေရဲ့ သစ်တောပြုန်းတီးမှုနှုန်းကို  နှိုင်းယှဉ်လေ့လာတဲ့အခါ ကျားထိန်းသိမ်းရေးနယ်‌မြေ ဧရိယာ ၄၅ ခုမှာ ၁၁ ခုဟာ သစ်တောပြုန်းတီးမှုနှုန်း သိသိသာသာ လျော့နည်းသွားတယ်လို့ သိရပါတယ်။

တရုတ်နဲ့ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တဲ့ အိန္ဒိယနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစုပေါင်း မက်ထရစ်တန်ချိန် ၂,၄၄၂ သန်းကို ထုတ်လွှတ်ခဲ့တယ်လို့ Global Carbon Atlas က ထုတ်ပြန်ခဲ့ပါတယ်။

ကျားထိန်းသိမ်းရေး ဧရိယာတွေကြောင့် လျော့နည်းသွားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ကြီးမားတယ်လို့ မဆိုနိုင်ပေမဲ့ သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေ ရှိတယ်လို့ စင်ကာပူ အမျိုးသားတက္ကသိုလ်ရဲ့ ရာသီဥတု ဖြေရှင်းချက်စင်တာနဲ့ စာတမ်းရဲ့ ဦးဆောင်သုတေသီ အကတ်ရှ် လန်ဘာက ဆိုထားပါတယ်။

လေ့လာမှုတွေထဲက မှတ်သားဖွယ်ရာ ရလဒ်တွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မယ့် ထိခိုက်ပျက်စီးမှုတွေကို ရှောင်ရှားနိုင်ဖို့ ကျားထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေဟာ မရှိမဖြစ် လိုအပ်တာကို တွေ့ရှိရပါတယ်။

အထူးသဖြင့် အိန္ဒိယဟာ ကာဗွန်ကြောင့် လူမှုရေးကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး အထိခိုက်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်တာကြောင့်လို့ လန်ဘာက မှတ်ချက်ပြုထားပါတယ်။

လေ့လာမှုတွေလုပ်နေတဲ့ ကာလမှာလည်း ‌ကျားထိန်းသိမ်းရေးလုပ်ငန်းတွေရဲ့ နှစ်စဉ် အသုံးစရိတ်ရဲ့ လေးပုံတပုံဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကို ရှောင်ရှားနိုင်တဲ့ အကျိုးကျေးဇူးကို ပြန်လည်ရရှိနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာတို့လို အာရှနိုင်ငံတွေမှာ ကျားတွေများလာရတဲ့ အကြောင်းအရင်းတွေထဲက တခုကတော့ အာရှယဉ်ကျေးမှုတွေမှာ ကျားတွေကို ရိုသေလေးစားတဲ့ အလေ့အထ ရှိတာကြောင့်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒဏ္ဍာရီတွေအရ ဒေသခံလူထုအဖွဲ့အစည်းတွေဟာ ကျားတွေ‌နေထိုင်တဲ့နေရာကို စောင့်ရှောက်ထိန်းသိမ်းသူတွေ ဖြစ်လာကြပြီး ကျားမျိုးစိတ်တွေကို ထိန်းသိမ်းတဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။

ကျားထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ် စတင်ချိန်မှာတော့ ဖွံ့ဖြိုးလာတဲ့ ဂေဟဗေဒ ခရီးသွားတွေဆီကနေ ဒေသခံတွေဟာ အကျိုးအမြတ်တွေ စတင်ရရှိခဲ့ပါတယ်။

ကျားထိန်းသိမ်းရေးလုပ်ငန်းတွေဟာ တောရိုင်းကျားတွေနဲ့ သူတို့ရဲ့ နေရာကို မျှဝေသုံးစွဲနေတဲ့ ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးနိုင်တဲ့ အရေးပါတဲ့ နည်းလမ်းတခုလို့လည်း လန်ဘာက ဆိုပါတယ်။

ကျားတွေဟာ အိန္ဒိယနိုင်ငံမှာ အဆွဲဆောင်နိုင်ဆုံးနဲ့ အကာကွယ်အမြင့်မားဆုံး တောရိုင်းတိရစ္ဆန်တွေထဲက တခုဖြစ်တယ်လို့ လန်ဘာရဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ဇီဝမျိုးကွဲတွေ အားလုံးကို ထိရောက်တဲ့ စောင့်ကြည့်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေသာ ပြုလုပ်မယ်ဆိုရင် မျိုးစိတ်ကာကွယ်ရေးနဲ့ ရာသီဥတုထိန်းသိမ်းမှု နှစ်ခုလုံးအတွက် အကျိုးသက်ရောက်မှု ရှိတယ်လို့ တွေ့ရှိချက်တွေက သက်သေပြနေပါတယ်။

လီလီ

Ref: ABC

( ABC သတင်းဌာနဝက်ဆိုက်မှာ   Julia Jacobo ရေးသားထားတဲ့ “How tiger conservation in India may be helping to mitigate climate change” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013