
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ ဇွန် ၁ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ် ရပ်မပေးဘဲ ဆဲဆိုသွားသူ အမျိုးသား တယောက်ကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသွားသူမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ကလိန်အောင်မြို့၊ အင်းပြားရွာမှာ လာရောက် နေထိုင်တဲ့ ကိုနိုင်ဦး ဖြစ်ပြီး အရက်အလွန်အကျွံ သောက်သုံးထားတယ်လို့ နီးစပ်သူတွေက ပြောပြပါတယ်။
ဖြစ်စဉ်အနီး မျက်မြင်တွေ့ခဲ့ရသူ မြို့ခံ တဦးက "ကလိန်အောင်တံတားဂိတ်ကို ဆိုင်ကယ် မရပ်ဘဲ ဖြတ်မောင်းပြီး အော်ဆဲသွားတာ သူက။ ပြီးတာနဲ့ ဘုရားတောင်ပေါ် ဆိုင်ကယ်မောင်းပြေးတော့ ဂိတ်က စစ်သားတွေက နောက်က လိုက်ဖမ်းတာ။ တောင်အောက်ကို ပြန်ဆင်းလာချိန် အဖမ်းခံရပြီး ပစ်ခံလိုက်ရတယ်"လို့ ပြောပါတယ်။
သေဆုံးသွားသူရဲ့နာရေးကို ဇွန် ၁ ရက်မှာပဲ နေ့ချင်းပြီး ဆောက်ရွက်လိုက်တယ်လို့ သိရပါတယ်။
ကလိန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ မေနောက်ဆုံးပတ်က စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား စစ်ရေး တင်းမာနေပြီး ကလိန်အောင်တံတား စစ်ဆေးရေးဂိတ် အပြင် စစ်ကောင်စီတပ်က အခြားနေရာတွေကိုပါ ရှောင်တခင်စစ်ဆေးနေပါတယ်။











