DVB Logo
Home
မြန်မာသတင်း
နယ်ခြားရွာအနီး စစ်တပ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ကလိန်အောင်-ထားဝယ်လမ်းတွင် စစ်တပ်က အရပ်သားကားများကို ချောဆွဲ
DVB
·
May 18, 2023
နယ်ခြားရွာအနီး စစ်တပ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ကလိန်အောင်-ထားဝယ်လမ်းတွင် စစ်တပ်က အရပ်သားကားများကို ချောဆွဲ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မေ ၁၈ ရက်က ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA တပ်ခွဲ-၂ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးခဲ့ပါတယ်။

မနက် ၇ နာရီ ၁၀ မိနစ်က မဲလံဘက်ကနေ စစ်ကြောင်းထိုးဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို မဟာမိတ်ပူးပေါင်းစစ်ကြောင်းက ဘီးလင်းမြို့ နယ်ခြားရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ကာ ၁၂ မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ထုတ်​ပြန်ချက်အရ သိရပါတယ်။

“အခုထုတ်ပြန်ထားတဲ့ သေဆုံးစာရင်းကတော့ ရဲဘော်တွေ မျက်မြင်တွေ့ခဲ့တာပါ။ တခြား ထိခိုက်ကျဆုံး သတင်းကိုတော့ ဆက်လက်စုံစမ်းဆဲပါ” လို့ KRF ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုရက်ပိုင်းမှာ ကျိုက်ထိုမြို့ KNU တပ်မဟာ-၁ နယ်မြေကို စစ်ကြောင်းထိုးကာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်-ကလိန်အောင် ကားလမ်းပိုင်းမှာ အခုမေလဆန်းကစပြီး စစ်ကောင်စီတပ်က စစ်ယာဉ်တန်းသွားလာရာမှာ အရပ်သားတွေရဲ့ကားတွေကို ကြားညှပ်ချောဆွဲ အသုံးပြုသွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလိန်အောင်လမ်းပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲကျောက် သယ်ယူနေတဲ့ ယာဉ်မောင်းတဦးက “အရင်အပတ်တုန်းက အိမ်မှာကားမရှိတုန်း ချောလိုက်ပေးဖို့ ကားလာခေါ်တယ်။ ကားမရှိလို့ မလိုက်သွားရဘူး။ အခုဆို ကားတောင် အိမ်မှာထိုးထားလို့မရဲဘူး။ ချောလိုက်နေရမှာစိုးလို့” လို့ ပြောပါတယ်။

ကလိန်အောင်-ထားဝယ် လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲခံရလေ့ ရှိတာကြောင့် သဲကျောက် သယ်ယူရေး ပြုလုပ်နေတဲ့ ဖောကားတွေကို စစ်ကောင်စီက ယာဉ်တန်းတွေမှာ ကြားညှပ်သွားလာ အသုံးပြုနေတာ ဖြစ်ပါတယ်။

ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီ ခမရတပ်ရင်းတွေ တည်ရှိတာကြောင့် လစဉ် ရိက္ခာယာဉ်တန်း သွားလာလေ့ရှိပြီး စစ်ကြောင်းထိုးတဲ့ ယာဉ်တန်းတွေလည်း မကြာခဏ ဖြတ်သန်းသွားလာလေ့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မေ ၁၃ ရက်ကလည်း ကလိန်အောင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ သဲ ကျောက် သယ်ယူရေးလုပ်ငန်းမှာသုံးတဲ့ ဖောကားတွေရဲ့ အချက်အလက်တွေကို တောင်းယူခဲ့တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

အခု နှစ်ဆန်းပိုင်းမှာ ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုအပြင် အရပ်သားကား တိုက်ခိုက်ခံရမှု ၄ ကြိမ် ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013