DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုအဆုံးသတ်ရေး မြန်မာကို သံတမန်ရေးအရ ဖိအားပေးရန် ဘန်ကီမွန်း တိုက်တွန်း
DVB
·
June 1, 2023
အကြမ်းဖက်မှုအဆုံးသတ်ရေး မြန်မာကို သံတမန်ရေးအရ ဖိအားပေးရန် ဘန်ကီမွန်း တိုက်တွန်း
Donate to DVB

အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာစစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာတဝန်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပဏာမခြေလှမ်းတွေမှာ ပါဝင်နေတဲ့ ကမ္ဘာ့အဖွဲ့အစည်း ခေါင်းဆောင်ဟောင်းတွေပါဝင်တဲ့ The Elders အဖွဲ့ဝင်တွေနဲ့အတူ ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောလိုက်တာပါ။

The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ ဧပြီ ၂၃ နဲ့ ၂၄ ရက်တွေမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာ့အရေး ခိုင်မာတဲ့ရေရှည် အဖြေတခုရဖို့ စစ်အုပ်စုအပြင် အတိုက်အခံ လက်နက်ကိုင်အင်အားစုတွေနဲ့ပါ နှစ်ဘက်လုံးနဲ့ ဆက်သွယ်စကား ပြောဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“မြန်မာ့ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ ကူညီပေးဖို့ ဒီလူတွေ အားလုံးနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်နေပါတယ်။”

နိုင်ငံရေးကျွမ်းကျင်ပညာရှင်တချို့ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး မစ္စတာဘန်ကီမွန်းရဲ့ အရင်က ကြိုးပမ်းမှုတွေမှာ တိုးတက်မှုမရှိခဲ့တာမို့ အခုလို အစပျိုးမှုနဲ့ ပတ်သက်ပြီးတော့ သံသယရှိနေကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ မစ္စတာဘန်ကီမွန်းနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ့ဆုံမှုအပေါ် ရည်ညွှန်းပြီးတော့ နိုင်ငံတကာ ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင်နဲ့ လက်ဆွဲနှုတ်ဆက်မယ်ဆိုရင် သူတို့ လက်တွေပါ သွေးစွန်းကုန်မယ်ဆိုတာကို သိထားသင့်တယ်လို့ အေပီသတင်းဌာနကို ဖြေခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလက  ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း သိန်းချီသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ မုန်တိုင်းသင့်ပြည်သူတွေကို နိုင်ငံတကာအကူအညီတွေ ပေးအပ်ခွင့် ရရှိရေးအတွက် စစ်ဗိုလ်ချုပ်တွေကို ဖိအားပေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလူနည်းစုတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ဖို့ ကြိုးပမ်းမှုအဖြစ် နေပြည်တော်မှာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013