
စစ်အုပ်ချုပ်ရေး ကြေညာထားခံရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဇွန် ၁ ရက်နေ့ စတင်ဖွင့်လှစ်တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းလာတက်တဲ့သူ အများအပြား ရှိလာနေတယ်လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ပညာသင်နှစ်တုန်းက မိဘတွေက ကျောင်းမထားရဲကြဘူး။ ငွေကြေးတတ်နိုင်တဲ့ မိဘတွေကတော့ မြို့ပေါ်က ကိုယ်ပိုင်ကျောင်းတွေမှာ သွားထားကြတယ်။ မိဘတွေက စစ်အာဏာရှင်ကို မလိုလားကြပေမဲ့ ကလေးရဲ့ပညာရေးက နစ်နာဆုံးရှုံးကြမှာဆိုတော့ အခုပညာသင်နှစ်မှာ ကျောင်းကို ပြန်ပေးတက်လာသူ များလာရခြင်းဖြစ်တယ်။”
အခုပညာသင်နှစ်မှာ ရေးမြို့နယ် မြို့ပေါ်ကျောင်းတွေ အားလုံးနီးပါးလောက်ဟာ မနှစ်ကထက် ကျောင်းတက်သူ ပိုမိုများလာပေမဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲက စာသင်ကျောင်းတွေကတော့ နယ်မြေလုံခြုံရေး အခြေအနေတွေအရ စစ်ကောင်စီလက်အောက်က ပညာရေးဝန်ထမ်းတွေလည်း မသွားရောက်နိုင်ကြသလို ကျောင်းလည်း မနှစ်ကတည်းက ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုကျောင်းဖွင့်ရာသီမှာ ကျောင်းသုံးစာရေးကိရိယာတချို့ကို စစ်ကောင်စီ ပညာရေးဘက်က ပေးတာရှိပေမဲ့ မလုံလောက်တဲ့အခါ ပြင်ပမှာ စျေးကြီးပေးဝယ်ယူနေရတယ်လို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ ထက်၊ လယ်၊ မူ ကျောင်းတွေအပြင် ဘုန်းတော်ကြီးကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေ အပါအဝင် ကျောင်းပေါင်း ၁,၅၀၀ လောက်ရှိပြီး အခုပညာသင်နှစ်မှာ တော့ ကျောင်းသားကျောင်းသူတွေဟာ ပြီးခဲ့တဲ့နှစ်တွေထက် ကျောင်းတက်ရောက်သူ ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။










