DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ကျား၊ မ ခွဲခြားဆက်ဆံမှု၊ ရေဒုက္ခနဲ့ အမျိုးသမီးတွေအပေါ် မမျှတတဲ့ အကျိုးသက်ရောက်မှု
DVB
·
June 1, 2023
ကျား၊ မ ခွဲခြားဆက်ဆံမှု၊ ရေဒုက္ခနဲ့ အမျိုးသမီးတွေအပေါ် မမျှတတဲ့ အကျိုးသက်ရောက်မှု
Donate to DVB

တိုးပွားလာတဲ့ ကမ္ဘာ့လူဦးရေ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေ‌ကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ရေအရင်းအမြစ်တွေကို ပိုမိုလိုအပ်လာပြီး ရေဒုက္ခအခက်အခဲကိုလည်း အကြီးအကျယ် ရင်ဆိုင်လာရပါတယ်။

မကြာသေးခင်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအစိုးရအဖွဲ့ (IPCC) ရဲ့ အစီရင်ခံစာမှာ ရာသီဥတုဖောက်ပြန်မှုဟာ ပိုမိုဆိုးရွာလာတဲ့အတွက် ရေချိုတွေဟာ ခြိမ်းခြောက်ခံနေရပြီး ဂေဟစနစ်မှာလည်း ပြန်မရနိုင်တဲ့ ရေချိုဆုံးရှုံးမှုတွေကို မီးမောင်းထိုးပြထားပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလက ကုလသမဂ္ဂ ရေညီလာခံကို နယူးယော့ခ်မြို့မှာ ကျင်းပခဲ့ပြီး ကမ္ဘာ့တဝန်းမှာ ရေနဲ့ဆက်နွှယ်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပန်းတိုင်တွေ တိုးတက်မှု နှေးကွေးနေတဲ့အတွက် အာရုံစိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေအပြင် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ မြင့်တက်လာတဲ့ ရေချိုရေသန့် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ နည်းလမ်းတွေရှာဖွေနေတဲ့ သုတေသနနဲ့ ညီလာခံတွေကို ကျင်းပနေကြပါတယ်။

ဒီလို ကြုံတွေ့နေရတဲ့ ရေဒုက္ခအကျပ်အတည်းကို လျော့ပါးစေဖို့ ရေဒုက္ခနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာဖွေတာက အရေးကြီးသလို အရိုးရှင်းဆုံးနဲ့ အကျိုးအများဆုံး ဖြေရှင်း‌နည်းတွေကို ရရှိဖို့ ရေဒုက္ခကို အများဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို ဆွေးနွေးပွဲတွေ ညီလာခံတွေမှာ နေရာပေး ဆွေးနွေးစေရမှာ ဖြစ်ပါတယ်။

အမျိုးသမီးနဲ့ ရေ

မြေပေါ် မြေအောက်မှာရှိတဲ့ ရေအရင်းအမြစ်တွေဟာ အကန့်အသတ်နဲ့သာ ရရှိနိုင်တာကြောင့် ကမ္ဘာတဝန်းက လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာလည်း ကန့်သတ်ခံထားရပြီး ဒီရေဒုက္ခကို အမျိုးသမီးတွေက အဆိုးဆုံး ရင်ဆိုင်နေရပါတယ်။

ယေဘုယျအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရေစုဆောင်းဖို့နဲ့ ရေသုံးစွဲတဲ့နေရာမှာ အချိန်ပို သုံးစွဲကြပါတယ်။ ဥပမာ- မာလာဝီမှာ အမျိုးသားတွေက ရေအတွက် ၆ မိနစ်လောက် အချိန်သုံးစွဲနေတဲ့အချိန်မှာ မာလာဝီအမျိုးသမီးတွေက ၅၄ မိနစ်ကြာအောင် ရေစုဆောင်းနေကြတယ်လို့ ကုလသမဂ္ဂ ခန့်မှန်းချက်တွေအရ သိရပါတယ်။

အမျိုးသမီးတွေက ‌သဘာဝဘေးအန္တရာယ်နဲ့ ရေညစ်ညမ်းမှုဒဏ်ကို ပိုခံစားနေရပြီး လက်တင်အမေရိက၊ အာဖရိကနဲ့ အာရှမြစ်တွေထဲကို အော်ဂဲနစ်ပစ္စည်းတွေ စွန့်ထုတ်နေတဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံမှုနဲ့ စီးပွားရေးကို အန္တရာယ်ဖြစ်စေပါတယ်။

ဆင်းရဲနွမ်းပါးသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ရေအခက်အခဲကြောင့် အများဆုံး ထိခိုက်နစ်နာနေတာဟာ ကျား၊ မ တန်းတူမညီမျှမှုက ပြုစုပျိုးထောင်ပေးလိုက်တာကြောင့် ဖြစ်ပါတယ်။

မွန်ဂိုလီးယားက အမျိုးသမီးတွေရဲ့ ခံနိုင်ရည်ရှိမှု အစီရင်ခံစာမှာ မွန်ဂိုလီးယားက အမျိုးသမီးတွေဟာ အရင်းအမြစ်တွေကို ခွဲဝေအသုံးပြုနေရပြီး ပညာရေးနဲ့ အိမ်ထောင်စု တာဝန်တွေမှာလည်း မညီမျှမှုတွေကို မီးမောင်းထိုးပြထားပါတယ်။

ဝင်ငွေနည်းပါးပြီး ပညာရေးအခွင့်အလမ်းနည်းတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်စုရဲ့ တာဝန်အများစုကို ထမ်းဆောင်နေကြရပြီး မိုးခေါင်ခြင်းလို ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲခြင်းမှာလည်း အမျိုးသမီးတွေကသာ ရေစုဆောင်းဖို့ ဝေးလံတဲ့ ဒေသတွေထိ သွားရောက်နေရတာပါ။

ရေအရင်းအမြစ် စီမံခန့်ခွဲမှုမှာ အမျိုးသမီးများ မပါဝင်ရခြင်း

လက်ရှိဖြစ်ပေါ်နေတဲ့ ရေဒုက္ခအခက်အခဲမှာ အမျိုးသမီးတွေဟာ ထိခိုက်နစ်နာမှုတွေ ခံစားနေရပေမဲ့လည်း ရေအရင်းအမြစ်တွေကို စီမံခန့်ခွဲ‌တဲ့ နေရာတွေမှာ ကျား၊ မ တန်းတူ မညီမျှမှုတွေကြောင့် အမျိုးသမီးတွေဟာ ပါဝင်ဆွေးနွေးဖို့ အခွင့်အရေးတွေ နည်းပါးနေပါတယ်။

မကြာသေးခင်က ကမ္ဘာ့ဘဏ်နှစ်ပတ်လည် အစီရင်ခံစာထဲက ဗဟိုအာရှ ရေနဲ့ စွမ်းအင်ဆိုင်ရာ အစီအစဉ်မှာ ကျား၊ မ အသေးစိတ် ပါဝင်ဆောင်ရွက်မှုနဲ့ အမျိုးသမီးတွေရဲ့ ရေအရင်းအမြစ် ခွဲဝေအသုံးပြုတာတွေ ဆွေးနွေးထားတာ မရှိပါဘူး။

ရေနဲ့သက်ဆိုင်တဲ့ မူဝါဒတွေဟာ အမျိုးသမီးတွေ ရေအခက်အခဲကို အများဆုံး ရင်ဆိုင်နေရတယ် ဆိုတဲ့ အချက်ကို လျစ်လျူရှုထားပါတယ်။

ကမ္ဘာတဝန်းက အမျိုးသမီးတွေက ချက်ပြုတ်ဖို့နဲ့ သန့်ရှင်းရေးအတွက် ရေကို အဓိကထား သုံးစွဲနေကြပြီး ယေဘုယျအားဖြင့် အမျိုးသမီးနဲ့ ကလေးတွေဟာ တနေ့မှာ အချိန်နာရီပေါင်း သန်း ၂၀၀ လောက်ကို ကျောင်းနဲ့ အလုပ်မှာ သုံးစွဲရမယ့်အစား ရေရှာဖွေစုဆောင်းဖို့ကိစ္စမှာ သုံးစွဲနေရပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်က ရန်ပုံငွေ ထောက်ပံ့ပေးထားတဲ့ ရေကဏ္ဍစီမံကိန်းတွေ အပါအဝင် အကြီးစားလုပ်ငန်းတွေမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှု နည်းပါးတာကို ထည့်သွင်းစဉ်းစားဖို့နဲ့ မှန်ကန်အောင် ပြင်ဆင်‌နိုင်ဖို့ အစပျိုးနေကြပါပြီ။

ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဂျော်ဂျီယာ၊ လာအို၊ နီပေါ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတွေက လူထုဦးဆောင်တဲ့ ပရောဂျက်တွေမှာလည်း အမျိုးသမီးတွေကို ဦးဆောင်မှုကို ပံ့ပိုးကူညီပေးနေပါတယ်။

ကမ္ဘာကြီး ပူ‌နွေးလာပြီး ရာသီဥတုဖောက်ပြန်တဲ့ အကျိုးသက်ရောက်က မကြုံစဘူး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတခု ဖြစ်တာကြောင့် လူတိုင်း ပါဝင်ဖြေရှင်းသင့်ပါတယ်။

ရေဒုက္ခအခက်အခဲဟာ အမျိုးသမီးတွေရဲ့ အခက်အခဲပါပဲ။ ပိုမိုတရားမျှတပြီး ထိရောက်တဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေကိုလည်း တန်းတူပူးပေါင်း ပါဝင်‌ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးဖို့ လိုအပ်ပါတယ်။

လီလီ

(The Conversation ဝက်ဘက်ဆိုက်မှာရေးသားဖော်ပြထားတဲ့ “Gender-blind policies ignore the disproportionate effects of water crisis on women” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြခြင်း ဖြစ်သည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013