DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ခါးပိုက်နှိုက်နှင့် သူခိုးများကို ပြည်သူများကိုယ်တိုင် ဖမ်းဆီးပြီး ရဲလက်အပ်နေရ 
DVB
·
May 29, 2023
ရန်ကုန်တွင် ခါးပိုက်နှိုက်နှင့် သူခိုးများကို ပြည်သူများကိုယ်တိုင် ဖမ်းဆီးပြီး ရဲလက်အပ်နေရ 
Donate to DVB

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုနှိုက်မှုတွေ ပိုမိုများပြားလာပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိတာကြောင့် ပြည်သူတွေကိုယ်တိုင် လုယက်သူတွေကို ဖမ်းဆီးရပြီး ရဲလက်အပ်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မေလ ၂၈ ရက် မနက် ၈ နာရီခွဲလောက်က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းမ၊ ဝေပုလ္လလမ်းထိပ်ရှိ ရွှေနေ့သစ် လက်ဖက်ရည်ဆိုင်မှာ ရပ်ထားတဲ့ Kenbo 125 ဆိုင်ကယ်တစီးကို အမျိုးသား ၂ ဦးက ခိုးယူမောင်းနှင်သွားပါတယ်။

ဆိုင်ကယ်မှာ GPS စနစ် တပ်ဆင်ထားတာကြောင့် ဆိုင်ကယ်ပိုင်ရှင်နဲ့ လူတချို့က ကားနဲ့ လိုက်လံရှာဖွေရာ မနက် ၁၀ နာရီခန့်က အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးအနီး ၁၄ လမ်းဆုံမှာ သူခိုး ၂ ဦးနဲ့ ဆိုင်ကယ်ဝယ်ရောင်းလုပ်သူ ၃ ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်နေ ဆိုင်ကယ်ပိုင်ရှင်က "ဆိုင်ကယ် မရှိတော့တာ သိသိချင်း GPS ဖွင့်ရှာတော့ သုနန္ဒာလမ်းဆုံနားမှာ တွေ့တယ်၊ အဲဒီကနေ အဝေးပြေးဘက်ကိုထွက်ပြီး ၃ လမ်းဆုံ ခရေပင်လမ်းခွဲ၊ တညင်းကုန်းအကျော် ၁၄ လမ်းဆုံနားမှာ ဆိုင်ကယ်ရပ်သွားတာ၊ တွေ့တဲ့အချိန်က သူတို့က ၅ ယောက် ရှိတယ်၊ လူမမျှတာနဲ့ အနားက ရပ်ကွက်ရုံးရှိတော့ အကူအညီတောင်းပြီး ဝင်ဖမ်းလိုက်တာ၊ ဆိုင်ကယ်တော့ ပြန်ရပြီ " လို့ ပြောပါတယ်။

ဖမ်းမိတဲ့ ဆိုင်ကယ်သူခိုး ၂ ဦးကို တညင်းကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးရုံးကို ပို့ဆောင်ခဲ့ပြီး အင်းစိန်မြို့နယ်ရဲစခန်းက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်၊ အင်းစိန်လမ်းမ YBS 99 ပေါ်မှာ ခါးပိုက်နှိုက်မှု ဖြစ်ပေါ်ခဲ့ပြီး ခါးပိုက်နှိုက် ၃ ဦးအနက် ၁ ဦးကို ယာဉ်မောင်း၊  ခရီးသည်နဲ့ ခါးပိုက်နှိုက်ခံရသူတွေက ဖမ်းမိခဲ့ပါတယ်။

“လှိုင်သာယာ ၁ ထိပ်ကနေ စီးလာတာ၊ ခဝဲခြံမှာ ဆင်းမလို့ ဘဲလ်တီးတော့ တံခါးဝက လူ ၃ ယောက်က ပိတ်နေတာ၊ အောက်ဆင်းလိုက်‌တော့မှ ဘောင်းဘီအိတ်ထဲက ဖုန်းမရှိတော့လို့ ကားဆရာကို လှမ်းအော်ပြောလိုက်တာ၊ သူတို့ ဆင်းပြေးတာ၊ ကားတံခါးပိတ်သွားတာမြန်တော့ ၃ ယောက်စလုံး မိတယ်၊ ဖုန်းလည်း ပြန်တွေ့တယ်၊ ၃ ယောက်စလုံးကို ဖမ်းထားဖို့ ကားပေါ် လူလည်း သိပ်မရှိတော့ ၂ ယောက်ကို ပြန်လွှတ်လိုက်တယ်၊ ဖုန်းလက်ဝယ်တွေ့ထားတဲ့ တယောက်ကို ဘုရင့်နောင်ရဲစခန်းက လာခေါ်သွားတယ်” လို့ ဖုန်းခါးပိုက်နှိုက်ခံရသူတဦးက ပြောပါတယ်။

အရပ်သားတွေ ဖမ်းမိထားတဲ့ ခါးပိုက်နှိုက်ကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ရဲစခန်းက လာရောက်ခေါ်ဆောင်သွားပြီး ခါးပိုက်နှိုက်ခံရတဲ့ စမတ်ဖုန်းကို ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်က YBS တွေပေါ်မှာ ခါးပိုက်နှိုက်မှုနဲ့ ဓားထော က်လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး YRTC ညွှန်ကြားချက်အရ YBS ပေါ် CCTV ကင်မရာ တပ်ဆင်ထားပေမဲ့ ခါးပိုက်နှိုက်ခံရတဲ့အခါ ဗီဒီယိုမှတ်တမ်းမရတာမျိုးတွေနဲ့ ကားမှာ ဖော်ပြထားတဲ့ အရေးပေါ် ဖုန်းနံပါတ်တွေကို အလွယ်တကူ ဆက်သွယ်လို့ မရဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ကလည်း လုယက်မှုတွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ လုယက်သူတွေကို ခရီးသည်တွေကိုယ်တိုင် ဖမ်းဆီးပေးနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013