DVB Logo
Home
မြန်မာသတင်း
အရာတော်အခြေစိုက် PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့၊ ကျွန်းလှမြို့နယ်တွင် စစ်တပ်က ရွာမီးရှို့
DVB
·
May 29, 2023
အရာတော်အခြေစိုက် PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့၊ ကျွန်းလှမြို့နယ်တွင် စစ်တပ်က ရွာမီးရှို့
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းအရာတော်မြို့နယ်‌အခြေစိုက် Dranger Force ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို  မေ ၂၈ ရက် မနက် ၉ နာရီမှာ စစ်တပ်က စီးနင်းကာ အသက် ၄၅ နှစ်ရှိ အမျိုးသမီးကို ပစ်သတ်ပြီး စခန်းနဲ့အတူ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေ ၂၈ ရက် မနက် ၆ နာရီက ကမ်းဖြူရွာနဲ့ ဝါးရောင်းကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီး ဒေသကာကွယ်ရေးတပ်စခန်း တခုကို  စီးနင်းခဲ့တာလို့ သိရပါတယ်။

Dranger Force အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ရှင်းက “သူတို့က ကျောက်ပြောက်ရွာ၊ မြောက်ကုန်းရွာ၊ ကမ်းဖြူရွာတွေကို ဖြတ်လာတယ်။ အဲဒီက ရွာသား ၂၈ ယောက်ကို ဓားစာခံ လမ်းပြခေါ်လာတာ။ ၉ နာရီ စခန်းဝင်စီးတယ်။ ရဲမေ မအေးမြင့်မိုရ်ရဲ့အမေ ဒေါ်သီတာမြင့်ကို ဖမ်းမိသွားတယ်။ အဲဒီလို ဖမ်းမိသွားပြီး ဓားစာခံတွေရှေ့မှာ ပစ်သတ်ပြီး စခန်းနဲ့အတူ မီးရှိုထားခဲ့တယ်”လို့ ဆိုပါတယ်။

စခန်း မီးရှို့ခံလိုက်ရတာကြောင့် မိုင်း၊ ကျည်ဆန်၊ ကျည်ကာအင်္ကျီနဲ့ ရိက္ခာတွေ ဆုံးရှုံးခဲ့ရပြီး ရဲဘော်တဦး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်က ဓားစာခံနဲ့ လမ်းပြအဖြစ် ခေါ်သွားသူ တချို့ကို မေ ၂၉ ရက်မှာ ပြန်လွှတ်ပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မေလအတွင်း စစ်တပ်က အရာတော်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေပြီး ရွာတချို့ကို မီးရှို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ကုက္ကိုကုန်းနဲ့ လွှတ်တိုက်ကျေးရွာတွေကို စစ်တပ်နဲ့ ပျူစောထီးတွေက မေ ၂၉ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက “ဒီနေ့ မေလ ၂၉ ရက်နေ့မနက် ကုက္ကိုကုန်းရွာနဲ့ လွှတ်တိုက်ရွာကို ခြေမြန်တပ်ရင်း-၃၆၁ နဲ့ ပျူစောထီး စုပေါင်းအင်အား ၁၇၀ လောက်က မီးရှို့ဖျက်ဆီးတယ်။ မီးလောင်ပျက်စီးမှုနဲ့ အိမ်ခြေအရေအတွက် အတိအကျမသိရသေးဘူး” လို့ ပြောပါတယ်။

မေ ၂၈ ရက်က ကုက္ကိုကုန်းရွာမှာ ညအိပ် တပ်စွဲခဲ့တဲ့ စစ်တပ်က ၂၉ ရက် မနက် ၇ နာရီမှာ ကုက္ကိုကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သလို မနက် ၈ နာရီ ဝန်းကျင်မှာ လွှတ်တိုက်ရွာကို ပစ်ခတ် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေကို ရှာဖွေယူဆောင်ပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့တဲ့ ကုက္ကိုကုန်းအုပ်စုမှာ ကုက္ကိုကုန်းရွာ၊ တကုန်းရွာ၊ သံပုရာပင်စုနဲ့ မြဘုံသာကျေးရွာ ၄ ရွာပါဝင်တဲ့ရွာဖြစ်ပြီး၊ လွှတ်တိုက်ကျေးရွာဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်တပ်က ပထမအကြိမ်  မီးရှို့ဖျက်ဆီးကာ ရွာသား ၁ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

အခု ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်အဖိုးတန်ပစ္စည်းတွေ ခိုးယူနေတာဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျွန်းလှမြို့နယ်ထဲက ရွာပေါင်း ၁၆ ရွာက ဒေသခံ ၁၀၀၀၀ ခန့် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013