
ကယား(ကရင်နီ)ပြည် လွိုင်လင်လေးမြို့နယ်၊ ကုန်မှီးကျေးရွာမှာ မေ ၂၈ ရက် ည ၈ နာရီက စစ်တပ် ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ယောက် ပြင်းထန်စွာ ဒဏ်ရာရှိခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းက ပြောပါတယ်။ ;
အသက် ၉ နှစ်ရှိ မောင်ထွန်းလင်းမှာ ရင်ဘတ်နဲ့ ဦးခေါင်း ယမ်းစ ထိမှန်ခဲ့ပြီး အသက် ၇ နှစ်ရှိ မောင်ဟန်ထွန်းကတော့ ညာဘက်လက် လက်ကောက်ဝတ် ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
ကုန်မှီးကျေးရွာသား တဦးက “သူတို့က လက်နက်ကြီးနဲ့ ပစ်တာ။ မိသားစုဝင် ၄ ယောက်နေတဲ့ နေအိမ်ပေါ် တည့်တည့်ကျတော့ ကလေးနှစ်ယောက်တော့ ဒဏ်ရာ ရသွားတယ်”လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်အပါအဝင် ကရင်နီဒေသတို့ဟာ လက်နက်ကြီးကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း သေဆုံးသူ ၁၅ ဦး ထက်မနည်း ရှိခဲ့ကြောင်း မြေပြင်မီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။