
ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ ကုန်စည်ပို့ဆောင်ရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အဓိက အသုံးပြု ရတဲ့ ဒီဇယ်ဆီဈေးနှုန်း ဆက်တိုက်ကျဆင်းလာနေပါတယ်။
ကမ္ဘာ့ရေနံဈေး ကျဆင်းလာတာနဲ့အတူ ပြည်တွင်းဒီဇယ်ဈေးဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစပြီး အကျဘက်ကို ဆက်တိုက် ဦးတည်နေပါတယ်။
ဒီဇယ်ဈေးနှုန်းဟာ တလီတာကို ၆,၄၈၅ ကျပ် ကနေ ၄,၄၆၀ ကျပ်အထိ ကျဆင်းလာပြီး ပရီမီယမ် ဒီဇယ်ဈေးနှုန်းက တလီတာကို ၇,၇၅၅ ကျပ်ကနေ ၅,၄၈၅ ကျပ်အထိ ၅ ပတ်အတွင်း သိသိ သာသာ ကျဆင်းလာတာကို တွေ့ရပါတယ်။
ရန်ကုန်တိုင်းအတွက် မေ ၂၂ ရက်နေ့မှာ သတ်မှတ်တဲ့ ရည်ညွှန်းဈေးနဲ့ ဧပြီ ဒုတိယပတ်က ရှိခဲ့တဲ့ ရည်ညွှန်းဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ရင် ဒီဇယ်ဆီဈေးနှူန်းက တလီတာကို ၂,၀၂၅ ကျပ်၊ ပရီမီယမ် ဒီဇယ်ဈေးနှုန်းက တလီတာကို ၂,၂၇၀ ကျပ်အထိ သိသိသာသာ ပြန်ကျဆင်း လာပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၃o ရာခိုင်နှုန်းဝန်းကျင်ထိ ပြန်လည်ကျဆင်းလာခဲ့တာပါ။
စစ်အာဏာရှင်အနေနဲ့လည်း ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်း ကျဆင်းစေဖို့ ဒီဇယ် တင်သွင်းမှု အပေါ် ကောက်ခံတဲ့ အခွန်တွေကို ယာယီကင်းလွတ်ခွင့်ပေးထားပြီး အဲဒီကာလကို မေ ၃၁ ရက် အထိ ထပ်မံတိုးမြှင့်ထားပါတယ်။
ဒီဇယ်ဈေး ၃၀ ရာခိုင်နှုန်းဝန်းကျင် သိသိသာသာ ကျဆင်းသွားတဲ့အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းလည်ပတ်မှုနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ သိသိ သာသာ လျော့ကျသွားစေနိုင်ပါတယ်။
ဒါပေမဲ့ လက်လီဈေးကွက်မှာတော့ ကုန်ပစ္စည်းဈေးနှုန်းတွေက ချက်ချင်းလိုက်ပါ ကျဆင်းခြင်း မရှိဘဲ ဈေးနှုန်းအမြင့်အတိုင်း ဆက်ရှိနေပါတယ်။
လက်ရှိ ပြည်တွင်း အခြေခံစားကုန်ဈေးကွက်မှာ ဆန်နဲ့ ကြက်ဥဈေးနှုန်းတွေ အကျဘက်ကို အနည်းငယ် ဦးတည်လာပေမဲ့ အသား၊ ငါးဈေးနှုန်းတွေကလည်း အမြင့်ဈေးအတိုင်း ဆက်ရှိ နေတာ တွေ့ရပါတယ်။










