DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းမြို့မှ လျှပ်စစ်ဝန်ထမ်း ၃ ဦး အပါအဝင် လူငယ် ၅ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ် 
DVB
·
May 25, 2023
ဇီးကုန်းမြို့မှ လျှပ်စစ်ဝန်ထမ်း ၃ ဦး အပါအဝင် လူငယ် ၅ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ် 
1 / 2
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ပေါင်းတည်မြို့ ထောင်တွင်းအထူးတရားရုံးက ‌မေ ၂၄ ရက်နေ့မှာ အကြမ်းဖက်ပုဒ်မတွေနဲ့ ဇီးကုန်းမြို့နဲ့ ‌ပေါင်းတည်မြို့က လူငယ် ၂ ဦးကို PDF သင်တန်းတက်‌‌ထားတယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် နှစ် ၅၀ နဲ့ ဇီးကုန်းမြို့က လျှပ်စစ်ဝန်ထမ်း ၃ ဦးကို သူတို့ရုံး ဗုံးပေါက်ကွဲမှု သံသယနဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်နဲ့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဇီးကုန်းမြို့ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဗညားမျိုးသန့်ကို မနှစ် ဇူလိုင်လတည်းက ထန်းတပင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ကြံခံရတဲ့အမှုနဲ့ အဲ့ဒီမြို့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးပြီး ၂ လကြာ တပ်မ ၇၇ စစ်ကြောရေးမှာ စစ်ဆေးခဲ့ကာ ပေါင်းတည်အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရပြီး အကြမ်းဖက်ပုဒ်မ ၅၀(က)/၅၄၊ ၅၀(ဈ)/၅၄ တို့နဲ့ ထောင်ဒဏ် နှစ် ၅၀ ချမှတ်ခဲ့တာပါ။

ဇီးကုန်းမြို့ အမှတ် ၄ ရပ်ကွက်မှာပဲ နေထိုင်တဲ့ လျှပ်စစ်ဝန်ထမ်း ကိုသော်ဇင်ထက်၊ ကိုရဲနိုင်၊ ကိုထင်လင်းဦးတို့ ၃ ဦးကို သူတို့မြို့က EPC ရုံး ပေါက်ကွဲမှုနဲ့ လျှပ်စစ်ရုံးမှာ အလုပ်လုပ်နေစဉ် ဩဂုတ်လအတွင်း ဖမ်းဆီးခဲ့ပြီး ၅၀(က)၊ ၅၀(ဈ) အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။

ထောင်တွင်းသတင်းရင်းမြစ်က “EPC က လူငယ် ၃ ဦးက အမှုတွဲတွေ၊ သူတို့ကို မသင်္ကာလို့ ဖမ်းလိုက်တာလို့ ကြားတယ်။ တရားခံအစစ်မမိလို့ ထောင်ချလိုက်တာ ဖြစ်နိုင်တယ်။ ကျန်တဲ့ ၂ ယောက်ကိုတော့ NUG/CRPH လက်အောက်ခံ PDF သင်တန်းဆင်းတွေဆိုပြီး နှစ်ရှည်‌ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပေါင်းတည်မြို့က ဇင်မြင့်ထွန်း(ခ)ပိတ်ကြီးကိုလည်း မနှစ် ဇူလိုင်လတည်းက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ပုဒ်မ ၅၀(က)/၅၄၊ ၅၀(ဈ)/၅၄ ၂ မှုနဲ့ ထောင်ဒဏ် နှစ် ၅၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဇီးကုန်းမြို့ နယ်မြေခံရဲစခန်း စခန်းမှူး ဇော်နိုင် တရားလိုပြုလုပ်ပြီး တရားသူကြီး ဦးနေထွန်းက ထောင်တွင်းအထူးတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ပြောပါတယ်။

“သံသယနဲ့ဖမ်းပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်တာတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ စစ်ကြောရေးမှာလည်း ၂ လလောက် နှိပ်စက်ခံထားရတယ်။ ဆေးကုသခွင့်လည်း မရဘူး။ ထောင်ကိုရောက်ပြီး ကြာမှ ထောင်ဝင်စာတွေ့ခွင့်ရတာ။ မသင်္ကာမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချတာတော့ မဖြစ်သင့်ပါဘူး” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမိန့်နဲ့ အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်ခဲ့သူတွေ ပြစ်မှုမရှိရင် အလင်းဝင်ရောက်ကြဖို့ သတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းအထူးတရားရုံးတွေက အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာပါ။

အခုလ ၁၉ ရက်နေ့ကလည်း ထောင်ဒဏ် ၃၂ နှစ် ချခံထားရတဲ့ မုံရွာမြို့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုလည်း ထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ်ထပ်ချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013