
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မုန်တိုင်းသင့်ပြည်သူတွေကို စစ်ကောင်စီက မေ ၂၄ ရက်မှာ လူတယောက်ကို ဆန် ၂ ဘူးသာ ထောက်ပံ့ပေးခဲ့တယ်လို့ ထွေအုပ်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ထွေအုပ်ရုံးမှာ မေ ၂၃ ရက်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး စစ်ကောင်စီက လူဦးရေ ၁၀၀ ကို ဆန်တအိတ်၊ ကျေးရွာအုပ်စုတအုပ်စုကို ခေါက်ဆွဲခြောက် ၂ ဖာ၊ စားသုံးဆီ တလီတာဆံ့ ဆီဘူး ၁၂ လုံးပါ ၂ ဖာ၊ စောင် ၃ ထည်၊ သွပ်အသစ် ၃၀၊ အဟောင်း ၁၅ ချပ်စီ ထောက်ပံ့ပေးခဲ့တယ်လို့ ထွေအုပ်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီလိုဆိုရင် ပေးစရာမလိုဘူးလေ၊ ရန်တိုက်ပေးသလိုပါပဲ။ ဘာမှလဲလုပ်လို့မရဘူး။ သွပ် ၄၅ ချပ်မှာ အဟောင်းက ၁၅ ချပ်ဆိုတော့ တအုပ်စုကို အိမ်ခြေ ၁၅၀ ကနေ ၅၀၀ လောက်အထိရှိပြီး ဆန်တအိတ်ကို အယောက် ၁၀၀ ဆိုတော့ တယောက်ကို ၂ ဘူးနှုန်းပဲရမှာ” လို့ မိုးတိမ်ပြင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အကူအညီပေးမယ့် အဖွဲ့တွေကို စစ်ကောင်စီက တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေလို့ ကျေးလက်ဒေသတွေကို ကူညီကယ်ဆယ်ရေးတွေ အချိန်မီ မရောက်လာတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။