DVB Logo
Home
Lead Story
မိုက်တွင်းနက်နက် တူးနေကြသူများ
DVB
·
May 24, 2023
မိုက်တွင်းနက်နက် တူးနေကြသူများ
Donate to DVB

ပြည်ပမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပြီး ပြည်တွင်းမှာ ကလေးလူကြီး အရွယ်သုံးပါးလုံးနဲ့ လူတန်းစားအလွှာစုံ တိုင်းရင်းသားလူမျိုးပေါင်းစုံက ရွံရှာမုန်းတီးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဒီနေ့ဒီအချိန်ထိ တိုက်ပွဲဝင်နေကြတဲ့ ကိုယ်ကျိုးကြည့် စစ်ခေါင်းဆောင်တွေက ထိန်းချုပ်စေခိုင်းသမျှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အသက်တွေရင်းပြီး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသား ကိုယ့်ပြည်သူတွေကို ရန်သူလိုသဘောထား ဆိုးဆိုးဝါးဝါး တိုက်ခိုက်သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်နောက်လိုက် စစ်သားတွေဟာ ယနေ့အချိန်ထိ သူတို့သခင်အတွက် အဝီစိငရဲတွင်းထဲကို ခုန်ဆင်းနေကြဆဲဖြစ်တယ်။

ဗိုလ်ကြီး၊ ဗိုလ်မှူးကနေ အကြပ်တပ်သားတွေထိ မင်းအောင်လှိုင်အတွက် ပေးဆပ်နေရတာ မသိတာလား၊ သိလျက်နဲ့ ဘုရားမှတ်ပြီး ကိုးကွယ်နေကြတာလား၊ ကိုယ့်ကိုယ်ကိုယ် ပြန်မဆန်းစစ်နိုင်ကြရလောက်အောင် စုံလုံးကန်းသွားကြတာလား၊ ငါတို့ ဘာ့ကြောင့် တိုက်နေရတာလဲ၊ ဘယ်သူ့အတွက် ဘယ်သူ့ကို တိုက်နေကြတာလဲဆိုတာ ထမင်းစားပြီး ဦးနှောက်ရှိတယ်ဆိုရင် စဉ်းစားဆင်ခြင်သင့်ပါပြီ။ အဲ့လိုမှမဟုတ်ရင် လူဖြစ်လျက်နဲ့ လူဖြစ်ရှုံးသူတွေသာ ဖြစ်တယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲမှာ မင်းအောင်လှိုင်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သားတွေ မသေခင်မှာရော သေပြီးတဲ့နောက်မှာရော သူတို့ကို ပြည်သူတွေက ဓမ္မပါလတရားနဲ့ ဒဏ်ခတ်ကြလိမ့်မယ်။ ခန္ဓာကိုယ်ချို့ယွင်းသွားတဲ့ ဒုက္ခိတစစ်သားတွေ အင်မတန်မှ ကြင်နာသနားပြီး အလှူအတန်း ပေးကမ်းရက်ရောတဲ့ မြန်မာလူမျိုးတွေက စက်ဆုတ်စွာ တံတွေးနဲ့ ပက်ထွေးကြလိမ့်မယ်။

နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ တွန်းလှန်တိုက်ထုတ်မှုအတွင်း သေဆုံးသွားတဲ့ မင်းအောင်လှိုင်စစ်သားတွေ၊ သေတာတောင် လူသိမခံဝံ့တဲ့ အခြေအနေ‌တွေ တော်လှန်ရေးကာလမှာ ကြုံတွေ့နေရပြီ။ နောက်တချိန် ဒီထက်မကတဲ့ ဆိုးကျိုးတွေ ဆွေစဉ်မျိုးဆက် တွေ့ကြုံခံစားကြရမှာဖြစ်တယ်။

ပြည်သူ့အတွက် အသက်နဲ့ခန္ဓာ ပေးဆပ်သူတွေနဲ့ လူတစုကောင်းစားရေးအတွက် အသက်နဲ့ခန္ဓာ စတေးတဲ့သူတွေ နောင်ဘဝမကူးဘဲ ဒီဘဝမှာတင် ဒုက္ခသောကမျိုးစုံ တွေ့ကြုံခံစားကြရမှာဖြစ်တယ်။

စစ်ဆေးရုံတွေမှာ တိုင်းတပါးနဲ့ဖြစ်တဲ့ စစ်ပွဲမဟုတ်ဘဲ ကိုယ့်ပြည်သူတွေကို အကြမ်းဖက်သူပုန်လို့ စွပ်စွဲပြောဆိုထားတဲ့ စကားတွေနဲ့ အလိမ်အညာတွေဆိုကာ တိုက်ခိုင်းတဲ့စစ်ပွဲမှာ ခြေပြတ် လက်ပြတ် ဖြစ်နေပြီး လူညွန့်တုံးသွားသူတွေက နောင်တရနေကြလိမ့်မယ်။ အသုံးမလိုတော့တဲ့ လူပိုတွေအဖြစ် စွန့်ပစ်ခြင်းခံရတာကို သိရှိပြီးနောက်မှာ နာကျည်းကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ နောက်ကျသွားပြီ၊ ပြည်သူ့မေတ္တာတွေ စူးသွားပြီ။

သူတို့ ဘုရားအမှတ်နဲ့ ကိုးကွယ်ထားတဲ့ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ နောက်လိုက်နောက်ပါတွေက အောက်ခြေရဲဘော်တွေရဲ့ ဘဝတွေ၊ အသက်တွေ နင်းခြေနေဦးမှာပဲဖြစ်တယ်။ အထက်အရာရှိခိုင်းသမျှ ဦးလည်မသုန် တသဝေမတိမ်း အမိန့်နာခံနေသေးတဲ့ စစ်သားတွေဟာ သူတို့တူးနေတဲ့ မိုက်တွင်းကို သူတို့ကိုယ်တိုင် လိုလိုလားလား တူးနေကြပြီး ဇောက်ထိုးမိုးမျှော် ခုန်ဆင်းနေကြတာဖြစ်တယ်။ ပြည်သူ့ကျိန်စာစူးပြီး ဒီဘဝမှာတင်မက နောင်ဘဝအဆက်ဆက်ထိပါ ပေးဆပ်နေကြရပါလိမ့်မယ်။

ဒါကြောင့်မို့ မင်းအောင်လှိုင်နောက်လိုက် စစ်သားတွေ ဒီနေ့ ဒီအချိန်ထိ မီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်ခြင်း အမှုတွေကို အသိဉာဏ်မဲ့စွာ ရက်ရက်စက်စက် ပြုကျင့်နေကြဆဲဖြစ်တယ်။ မိဘမောင်ဘွား ဆွေမျိုးသားချင်း ရပ်ဆွေရပ်မျိုးတွေက သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအတွက် ကျိန်စာဆိုနေကြလိမ့်မယ်။

အဲ့ဒီကျိန်စာတွေက နောက်ဘဝမကူးဘဲ ဒီဘဝမှာတင် လူဖြစ်လျက် လူဖြစ်ရှုံးပြီး မသေမချင်း ပြည်သူတွေခံစားရတဲ့ ဒုက္ခထက် အဆပေါင်းများစွာ ပိုမိုခံစားရပြီး လူတောမတိုးတဲ့ ဒုက္ခိတအဖြစ်နဲ့ နေထိုင်ရှင်သန်ကြလိမ့်မယ်။ ဘယ်သူမပြု မိမိမှုတဲ့၊ ဒီဒုက္ခတွေကို သူတို့ကိုယ်တိုင် မိုက်တွင်းနက်နက်တူးပြီး ယူနေကြတာဖြစ်တယ်။ နောင်တဆိုတာ နောက်မှ ရတတ်ကြတယ်။ အခုဆို အချိန်မီသေးတယ်။ ပြည်သူက မလိုလား မနှစ်သက်တဲ့ မတရားအာဏာသိမ်းစစ်တပ် နေမဝင်ခင် အမြင်မှန်ရသင့်နေပါပြီ။ မင်းအောင်လှိုင်နောက်လိုက် အမောင်စစ်သားတို့ ... ။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013