DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့် ဆိပ်ဖြူမြို့နယ် မြောက်ရွာမကျေးရွာက ကွမ်းခြံများပျက်စီး
DVB
·
May 23, 2023
မိုခါမုန်တိုင်းကြောင့် ဆိပ်ဖြူမြို့နယ် မြောက်ရွာမကျေးရွာက ကွမ်းခြံများပျက်စီး
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ မြောက်ရွာမကျေးရွာမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာထဲက ကွမ်းခြံတွေ ပျက်စီးသွားပြီး ထပ်မံစိုက်ပျိုးဖို့ စိုက်ပျိုးမြေနဲ့ ငွေကြေးအရင်းအနှီး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဆိပ်ဖြူမြို့နယ်မှာ မေ ၁၂ ရက်ကစပြီး ၁၄ ရက်နေ့အထိ မိုးရွာသွန်းခဲ့တာကြောင့် ယောချောင်းနဲ့ တောင်ကျချောင်းတွေမှာ ရေလျှံပြီး ချောင်းနံဘေးရွာတွေကို ရေဝင်ခဲ့တာလို့ မြောက်ရွာမရွာ ဒေသခံတဦးက ပြောပါတယ်။

မြောက်ရွာမကျေးရွာက ယောချောင်းနဲ့ တောင်ကျချောင်းအလယ်မှာ ရှိတာကြောင့် ရွာထဲ ရေဝင်ချိန်မှာ ကွမ်းခြံ၊ ကြက်သွန်၊ စပါးခင်းနဲ့ မွေးမြူထားတဲ့ ဆိတ်တွေ ရေနဲ့မျောပါ ပျက်စီးခဲ့တာလို့ သူကပြောပါတယ်။

“ကွမ်းခြံက တရွာလုံးပဲ၊ တရွာလုံးက ကွမ်းခြံတွေပါတာ။ ကွမ်းစျေးကောင်းရနေတဲ့အချိန်ပဲ။ ကွမ်းက မထွက်ဘူးဆိုရင် တခြံကို ပိသာချိန် ၅၀ ထွက်တယ်။ တပိသာကို ၁၅,၀၀၀ စျေးရတယ်၊ ရေမတက်ခင်တုန်းက။ ခုတော့ ပြန်စိုက်ဖို့ရာ မလွယ်သေးဘူး။ ရွှံ့တွေလည်း မခြောက်သေးဘူး။ ကြက်သွန်တွေလည်း အိမ်ပေါ်တင်ထားတာ အကုန်ပါသွားတော့ အရင်းအနှီးလုပ်ဖို့ရာ မရှိသေးဘူး။”

မြောက်ရွာမကျေးရွာမှာ နေအိမ် ၂၅၀ ရှိပြီး ရေဝင်ရောက်မှုကြောင့် နေအိမ် ၇၅ လုံး ပျက်စီးခဲ့ပြီး ကွမ်းခြံတွေက နေအိမ်တိုင်းမှာရှိတာကြောင့် အိမ်တိုင်းက ကွမ်းခြံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ရွံ့ခြောက်ဖို့က ရက် ၂၀ လောက် စောင့်ရဦးမှာ။ စိုက်ဖို့မလွယ်သေးဘူး။ ခုလောလောဆယ်တောင် ရှိတာလေး စားနေရတာ။ ပြန်လုပ်ဖို့ အရင်းအနှီးကျ မလွယ်သေးဘူးလေ။ ကြက်သွန်စျေးကလည်း ကောင်းတယ်၊ ကွမ်းစျေးကလည်း ကောင်းတယ်။ အဲ့ဒါလေးကို မှီခိုပြီး စားနေရတာလေ။”

မိုခါမုန်တိုင်းကြောင့် ဆိပ်ဖြူမြို့နယ်အနောက်ပိုင်း ပိုင်းရွာ၊ ရှားလှရွာ၊ ဝန်ကြီးရွာ သုံးရွာပေါင်း ကျွဲအကောင်ရေ ၁၀၀ ခန့် အအေးမိပြီး သေဆုံးတယ်လို့ ရွာသားတဦးထံက သိရပါတယ်။

တောင်ကျချောင်းတွေ အဆမတန် ရေကြီးတာကြောင့် ချစ်ချောင်း အပါအဝင် ချောင်းနံဘေး စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေ ပျက်စီးဆုံးရှုံးပြီး ချောင်းနံဘေးက လယ်တွေယာတွေလည်း ရေတိုက်စား ကမ်းပါးပြိုပြီး လယ်တွေဆုံးရှုံးရတယ်လို့ ချစ်ချောင်းလေး ရွာသားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013