DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများကို ယူကေအစိုးရက ပေါင် ၂ သန်း ထပ်မံထောက်ပံ့ကူညီမည်
DVB
·
May 19, 2023
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများကို ယူကေအစိုးရက ပေါင် ၂ သန်း ထပ်မံထောက်ပံ့ကူညီမည်
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာပြည်သူတွေကို ယူကေနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေါင် ၂ သန်း ထပ်မံထောက်ပံ့ကူညီသွားမယ်လို့ ယူကေအစိုးရက မေ ၁၉ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအကူအညီတွေကိုတော့ မုန်တိုင်းသင့်ပြည်သူ ၁၇၅,၀၀၀ လောက်အထိကို သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အမိုးအကာတွေ ရရှိနိုင်စေဖို့နဲ့ နောက်ဆက်တွဲ ရောဂါကူးစက်ပျံ့နှံ့မှုတွေ လျှော့ချနိုင်စေဖို့ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံဟာ ဒီမတိုင်ခင်ကလည်း အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေသူတွေ ဆီ ပေါင် ၆ သိန်းခွဲကို ပြည်တွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ကူညီခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အင်ဒရူး မစ်ရှဲလ်ကတော့ “ဆိုင်ကလုန်း မိုခါဟာ ရိုဟင်ဂျာတွေ အပါအဝင် အလွန်ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်စေခဲ့ပါတယ်။ ယူကေအနေနဲ့ မြန်မာနိုင်ငံက အမိုးအကာ မရှိနေထိုင်နေကြရတဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်ရေးအတွက် နောက်ထပ် ရန်ပုံငွေအသစ် ပေါင် ၂ သန်း ကူညီသွားမှာ ဖြစ်ပါတယ်။ လိုအပ်နေသူတွေဆီ အရေးပေါ် အသက်ကယ်ထောက်ပံ့ကူညီမှုတွေ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက မြေပြင်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ယူကေနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြီးတော့ ရခိုင်ပြည်နယ်က သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေး၊ အရေးပေါ် စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ပေါင် ၈၁ သန်း ထောက်ပံ့ကူညီထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ပုံငွေပေါင် ၂၉ ဒသမ ၈ သန်းကျော်ကိုတော့ ရိုဟင်ဂျာနဲ့ တခြားမွတ်ဆလင် လူနည်းစုတွေကို တိုက်ရိုက် ထောက်ပံ့ပေးထားခဲ့တယ်လို့ ပြောပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးမယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

NUG အစိုးရ လူသားစာနာ ထောက်ပံ့ကူညီမှုတွေအနေနဲ့ ရခိုင်ပြည်နယ်အတွက် ကနဦး ထောက်ပံ့ငွေ ကျပ် သိန်း ၁၃၀၊ ချင်းပြည်နယ်အတွက် သိန်း ၁၀၀ အပါအဝင် ငွေကျပ်သိန်း ၆၄၀ ကျော် သုံးစွဲထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက်ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီး နောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေ ရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်လို့ ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013